ပြည်နယ်နှင့်တိုင်း (၆)ခုရှိ စျေးကြီးများမှ စားသုံးရန်မသင့် စားသောက်ကုန် (၁၄)မျိုးကို FDA စစ်ဆေးတွေ့ရှိ

ပြည်နယ်နှင့်တိုင်း (၆)ခုရှိ စျေးကြီးများမှ စားသုံးရန်မသင့် စားသောက်ကုန် (၁၄)မျိုးကို FDA စစ်ဆေးတွေ့ရှိ
သြဂုတ် 12, 2019
By 🌸

 ပြည်နယ်နှင့်တိုင်း (၆)ခုရှိ စျေးကြီးများမှ စားသုံးရန်မသင့် စားသောက်ကုန် (၁၄)မျိုးကို FDA စစ်ဆေးတွေ့ရှိ

စားသုံးရန်မသင့်သည့် အစားအသောက် (၁၄) မျိုးကို ရှမ်းပြည်နယ်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး (၆)ခုရှိ စျေးကြီး (၁၆) စျေးတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း စစ်ဆေးတွေ့ရှိရကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က သတင်းထုတ်ပြန်ထားသည်။

FDA က ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေစျေး၊ မကွေးတိုင်းဒေသကြီးအတွင်း မကွေးမြို့ရှိ ကံသာစျေး၊ ရန်ကင်းစျေး၊ စကုမြို့မစျေး၊ ရေနံချောင်းမြို့မစျေး၊ တောင်တွင်းကြီး မြို့မစျေး၊ အောင်လံမြို့မစျေး၊ ဧရာဝတီတိုင်းဒေသကြီး ကုန်းကြီးရွာ၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ချင်းတွင်းရတနာစျေး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ရမည်းသင်းမြို့မစျေး၊ ကျောက်ပန်းတောင်းမြို့မစျေး၊ နေပြည်တော် တပ်ကုန်းစျေး၊ ယုဇနစျေး၊ ဘုရားကုန်းစျေး၊ ရွှေနံသာစျေး၊ ကျွဲရှင်းစျေးတို့တွင် ပစ္စည်းနမူနာများ ဝယ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဆေးခဲ့သည့် စားသောက်ကုန်များတွင် ကျန်းမာရေးထိခိုက်စေသည့် ခွင့်မပြုဆိုးဆေးများနှင့် တာရှည်ခံပစ္စည်းများ အသုံးပြုထားသည့် ချယ်ရီသီး၊ အသားတု၊ ကြက်အူချောင်း၊ လက်ဖက်အညွှန့်၊ စိမ်းစားငပိ၊ ဆိုးဆေးမှုန့်၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်၊ ငရုတ်ခွဲခြမ်း၊ ချိုချဉ်ချောင်း၊ အာနီလျှာနီပြား၊ အချိုရည်ဗူး၊ ထန်းလျက်နှင့် ပဲသွေးတို့ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း FDA က သြဂုတ်လ (၈)ရက်နေ့က ထုတ်ပြန်ထားသည်။

အဆိုပါ စားသောက်ကုန်များတွင် Sorbic Acid၊ Sudan III၊ Borax၊ Auramine O၊ Rhodamine B၊ Cyclamate၊ Formalin၊ Orange II စသည့် ခွင့်မပြုဆိုးဆေးများနှင့် တာရှည်ခံပစ္စည်းများကို သတ်မှတ်ပမာဏထက် ပိုမိုသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net