ခက်ခဲဒေသများတွင် ဝန်ထမ်းမလုံလောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းဖွင့်

ခက်ခဲဒေသများတွင် ဝန်ထမ်းမလုံလောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းဖွင့်
နိုဝင်ဘာ 25, 2019
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုးရေးနှင့်မွေးမြူရေးသင်တန်းကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့ကစတင်၍ (၅)ရက်ကြာဖွင့်လှစ်နေပြီဖြစ်သည်။

 
"သွားရေးလာရေးခက်ခဲတဲ့ နေရာတွေမှာ ဌာနဆိုင်ရာက ဝန်ထမ်းအင်အားနည်းတော့ အထောက်အကူဖြစ်စေဖို့ ဒီသင်တန်းကို ဖွင့်ဖြစ်တာပါ။ ကျေးရွာ (၂၅) ရွာက သင်တန်းသားတွေပါတယ်။ သူတို့က စိုက်ပျိုးရေးလုပ်ငန်းတွေကို မိရိုးဖလာလုပ်ကိုင်နေရာကနေ ခေတ်မီတဲ့စိုက်ပျိုးမှုစနစ်တွေဖြစ်အောင်ရယ်၊ တိရိစ္ဆာန်တွေရောဂါဖြစ်ရင် အချိန်မီကုသပေးနိုင်ဖို့ ဒီသင်တန်းဖွင့်ဖြစ်တာ"ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန မှ တာချီလိတ်မြို့နယ်ဦးစီးမှူး ဦးဇော်မိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သင်တန်းကို နေ့စဉ် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ (၅) ရက်တာသင်ကြားပို့ချသွားမည်ဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့က ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် သင်တန်းကို ၂၀၁၈ ခုနှစ်က ပထမအကြိမ်အဖြစ် သင်တန်းသား (၂၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး ဒုတိယအကြိမ် အဖြစ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု၊ နားယောင်းကျေးရွာအုပ်စု၊ မိုင်းဟဲကျေးရွာအုပ်စုနှင့် ဖန်မင်ကျေးရွာအုပ်စုများရှိ ကျေးရွာ (၂၅) ရွာမှ သင်တန်းသားများကို ပို့ချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၁၉ -၂၀၂၀ ခုနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (၁၆) ရွာ၊ မြစိမ်းရောင်စီမံကိန်း ကျေးရွာ (၂) ရွာ၊ ကျေးလက်ရေရရှိရေးလုပ်ငန်း (၅) ခု၊ ကျေးလက်မီးလင်းရေး ဆိုလာတပ်ဆင်ခြင်း (၅၁) ရွာနှင့် သက်မွေးသင်တန်း (၂) ကြိမ် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားပြီး ပန်းရံနှင့် သံဂဟေဆက်သင်တန်းကို ၂၀၂၀ ခုနှစ်၊ မေလအတွင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ  -  ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net