ဆန္ဒပြ ပြည်သူများကို ဖမ်းဆီးနေသည့် အာဏာသိမ်းစစ်ကောင်စီအဖွဲ့က မိုင်းဆတ်အကျဉ်းထောင်မှ အကျဉ်သား (၁၄၅)ဦးကို လွတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေး 

ဆန္ဒပြ ပြည်သူများကို ဖမ်းဆီးနေသည့် အာဏာသိမ်းစစ်ကောင်စီအဖွဲ့က မိုင်းဆတ်အကျဉ်းထောင်မှ အကျဉ်သား (၁၄၅)ဦးကို လွတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေး 
ဧပြီ 17, 2021 | ရှမ်းရှေ့

နိုင်ငံ့အာဏာသိမ်းထားသည့် (၇၅) ရက်တာကာလအတွင်း ပြည်သူပေါင်း (၃,၁၄၁)ဦးကို ဖမ်းဆီးထိန်းသိမ်းထားသည့် အာဏာသိမ်းစစ်ကောင်စီ အဖွဲ့က ၂၀၂၁ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင် အကျဉ်းထောင်/စခန်း အသီးသီးမှ အကျဉ်းသား (၂၃,၄၀၇ )ဦးကို လွတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေးလိုက်ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်အကျဉ်းထောင်မှ အကျဉ်းသူ/အကျဉ်းသား (၁၄၅)ဦး ပါဝင်သည်။

မိုင်းဆတ်အကျဉ်းထောင်မှ လွှတ်ပေးလိုက်သည့် (၁၄၅)ဦးတွင် အကျဉ်းသား(၁၂၈)ဦးနှင့် အကျဉ်းသူ(၁၇)ဦးတို့ပါဝင်ပြီး မူးယစ်မှုဖြင့် အကျဉ်းချခံရသူများ ပါဝင်ကြောင်းသိရသည်။

အာဏာသိမ်းအဖွဲ့က အာဏာသိမ်းထားသည့် ကာလအတွင်း အကျဉ်းသားလွှတ်ပေးမှု (၂) ကြိမ်ဖြင့် စုစုပေါင်း အကျဉ်းသူ/အကျဉ်းသား ( ၄၆,၇၂၁ ) ဦးကို လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

မြန်မာနှစ်ဆန်း(၁) ရက်နေ့တွင် အစိုးရက အကျဉ်းသူ/အကျဉ်းသားများအား ပြစ်ဒဏ်လျှော့ပေါရက်များဖြင့် လွတ်ငြိမ်းချမ်းသာပေးလေ့ရှိပြီး ယနေ့တွင်လည်း အာဏာသိမ်းအဖွဲ့က လွတ်ငြိမ်းချမ်းသာပေးလိုက်သော်လည်း ဆန္ဒထုတ်ဖေါ်သူများအား အကြမ်းဖက်ပစ်ခတ်နှိမ်နှင်းခြင်းနှင့် ဖမ်းဆီးခြင်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။

ယနေ့ လွှတ်ပေးလိုက်သည့် အကျဉ်းသူ/ အကျဉ်းသားများတွင် နိုင်ငံခြားသားအကျဉ်းသားများလည်း ပါဝင်ကြောင်း သိရသည်။