တာချီလိတ်မြို့တွင် Covid-19 တတိယလှိုင်းကာလအတွင်း ဖွင့်လှစ်နေသည့် KTV များအနက် ပုံလို့လမ်းဘေးက KTV ကို ဝင်ဖမ်းရာ (၅၈)ဦး ဖမ်းမိ

တာချီလိတ်မြို့တွင် Covid-19 တတိယလှိုင်းကာလအတွင်း ဖွင့်လှစ်နေသည့် KTV များအနက် ပုံလို့လမ်းဘေးက KTV ကို ဝင်ဖမ်းရာ (၅၈)ဦး ဖမ်းမိ
စက်တင်ဘာ 4, 2021 | Covid-19| ရှမ်းရှေ့
By Tachileik News Agency

Covid-19 တတိယလှိုင်းအတွင်း ကူးစက်မှုများမြှင့်တက်နေသည့် တာချီလိတ်မြို့တွင် တားမြစ်မိန့်ချိုးဖောက်ပြီး  ဖွင့်လှစ်နေသည့် KTV များအနက် ပုံလို့လမ်းရှိ KTV အား   ဝင်ဖမ်းရာမှ (၅၈)ဦးအား ဖမ်းဆီးရမိပြီး တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

"ညက KTV မှာ ဝင်ဖမ်းတာ ဆိုင်က ကောင်မလေးတွေရော လာလည်တဲ့ ဧည့်သည်ရောဆို အမျိုးသမီး (၃၄)ဦး နဲ့ အမျိုးသား(၂၄)ဦး အားလုံးပေါင်း (၅၈)ဦးပေါ့။ ခါတိုင်း တာချီလိတ်မှာ KTV တွေ ဖွင့်နေတယ်လို့ တိုင်ရင်တောင် မဖမ်းတာ အခုက ရန်ဖြစ်လို့လား ဘာလို့ဝင်ဖမ်းလဲတော့မသိဘူး"ဟု ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၂၁ခုနှစ် စက်တင်ဘာလ(၄)ရက်နေ့အကူး နံနက်(၃)နာရီအချိန်က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အပိုင်း ပုံလို့သွားလမ်းဘေးရှိ Lon Lon KTV တွင် ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်ပြီး တာချီလိတ်မြို့မရဲစခန်းတွင် ထားရှိကာ အမှုဖွင့်ရန်အတွက် ယနေ့ နံနက်ပိုင်းတွင် လုပ်ဆောင်နေကြောင်း သိရသည်။

ယခုလို Covid-19 တတိယလှိုင်းကာလအတွင်း တားမြစ်ထားသည့်ကြားက ဖွင့်လှစ်နေသည့် KTV များထဲက ဖမ်းဆီးရမိသည့် KTV များနှင့် ပတ်သက်၍ ယခု ဖမ်းဆီးရမိမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်သည် ရန်အောင်မြေရပ်ကွက်အတွင်း ဖွင့်လှစ်ထားသည့် KTV တွင် ဇူလိုင်လ(၁၀)ရက်နေ့ ည(၁၁)နာရီဝန်းကျင်အချိန်က ဖမ်းဆီးခြင်းဖြစ်သည်။ 

ဇူလိုင်လ(၁၀)ရက်နေ့က ဖမ်းဆီးမှုတွင်လည်း KTV တွင် ရေကြောင်းရဲအပါအဝင် အခြားဌာနများမှ ဝန်ထမ်းများ နှင့် KTV ဆိုင်မှ အမျိုးသမီးဝန်ထမ်း စုစုပေါင်း (၂၀)ကျော်ကို ဖမ်းမိပြီး ညမထွက်ရအမိန့်ချိုးဖောက်မှုဖြင့် အမှုဖွင့်ပြီး ဖမ်းမိသည့် ဝန်ထမ်းများကို  ဒဏ်ငွေကျပ်  (၅၀,၀၀၀)သာ သတ်မှတ်ပြီး အမျိုးသမီးများကို ထောင်ဒဏ်(၁)လစီ သတ်မှတ်ခဲ့ကြောင်း ဖြစ်စဉ်များလည်း ရှိခဲ့သည်။ 

 

ဆက်စပ်သတင်း

တာချီလိတ်မြို့တွင် အမျိုးသား(၈)ဦးကို  ညမထွက်ရအမိန့် ချိုးဖောက်သည်ဟုဆိုကာ ဖမ်းဆီး အရေးယူ