တာချီလိတ်မြို့၏ သင်္ကြန်ကာလအတွင်း ဝတ်စားဆင်ယဉ်မှုများနှင့်ပတ်သက်၍ မလျော်ညီသည်များကို အရေးယူနိုင်ကြောင်း သတိပေးထား

တာချီလိတ်မြို့၏ သင်္ကြန်ကာလအတွင်း ဝတ်စားဆင်ယဉ်မှုများနှင့်ပတ်သက်၍ မလျော်ညီသည်များကို အရေးယူနိုင်ကြောင်း သတိပေးထား
ဧပြီ 14, 2023 | ရှမ်းရှေ့

 

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ယခု ၂၀၂၃ သင်္ကြန်ကာလအတွင်း၌ သောက်စားမူးယစ်ပြီး အချို့မှာ ဝတ်စားဆင်ယဉ်မှုများနှင့်ပတ်သက်၍ မလျော်ညီသည်များ ပြုလုပ်သည်ကို တွေ့ရှိရ၍ သင်္ကြန်အတွင်း ဒေသန္တရအမိန့်ကို မလိုက်နာပါက အရေးယူမည် တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သတိပေးထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၂၃ခုနှစ် ဧပြီလ(၁၃)ရက်နေ့ သင်္ကြန်အကြိုနေ့ နှင့် ဧပြီလ(၁၄)ရက်နေ့ သင်္ကြန်အကျနေ့များတွင် ဝတ်စားဆင်ယဉ်မှုများနှင့်ပတ်သက်၍ မလျော်ညီသည့် ဖြစ်စဉ် ဗီဒီယိုများမှာ ပျံ့နှံ့သွားခဲ့ပြီးနောက် ဝေဖန်မှုများ မြှင့်တက်လာခဲ့သည်။

"တာချီလိတ်မှာက အရင်နဲ့မတူဘူး တရုတ်နဲ့ ထိုင်းတွေ ပိုများလာတာမှာ အခု သင်္ကြန်မှာ ထိုင်းအမျိုးသမီးတွေ မလျော်ညီတာတွေ လုပ်လာကြတယ်။ အရင်တုန်းကတော့ သောက်တာ စားတာ ပျော်ပါးကြတာပဲရှိတယ်။ ဟိုချွတ် ဒီချွတ်တွေ လုပ်ပြီး မက ကြဘူး။ အခုက နှစ်ရက်ဆက်တိုက် အများပြောစရာတွေ ဖြစ်နေတာကို တွေ့ရတယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သင်္ကြန်အတွင်း ဒေသန္တရအမိန့်ကို ၂၀၂၃ခုနှစ် ဧပြီလ(၇)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသော်လည်း ဒေသတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ကြိုတင် အသိပေးထားခြင်း မရှိဟု သိရသည်။