မကွေးမြို့ရှိ ရပ်ကွက်လမ်းများကို ကွန်ကရစ်ခင်းရာတွင် ပြည်သူအချိုးကျထည့်ဝင်ငွေ မပြည့်မီပါက လမ်းအကျယ် ပေအနည်းငယ်လျှော့၍ ခင်းကျင်း

မကွေးမြို့ရှိ ရပ်ကွက်လမ်းများကို ကွန်ကရစ်ခင်းရာတွင် ပြည်သူအချိုးကျထည့်ဝင်ငွေ မပြည့်မီပါက လမ်းအကျယ် ပေအနည်းငယ်လျှော့၍ ခင်းကျင်း
နိုဝင်ဘာ 12, 2019
By Tachileik News Agency

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် စည်ပင်သာယာရေးဌာနှင့် ပြည်သူ အချိုးကျထည့်ဝင်ငွဖြေင့် ကွန်ကရစ် လမ်းခင်းပေးနေရာတွင် ပြည်သူထည့်ဝင်ရမည့် (၄၀)ရာခိုင်နှုန်းအပြည့် ထည့်ဝင်နိုင်ခြင်းမရှိသည့် လမ်းများတွင် သတ်မှတ်လမ်းအကျယ်ထက် ပေအနည်းငယ်လျှော့၍ ခင်းကျင်းပေးကြောင်း သိရသည်။

ကွန်ကရစ်လမ်းခင်းရာတွင် ရပ်ကွက်လမ်းကြားများကို လမ်းအကျယ် (၁၄) ပေ၊ လမ်းသွယ်ကို လမ်းအကျယ် (၁၆) ပေ၊ မိန်းလမ်းကို လမ်းအကျယ် (၁၈) ပေခင်းရန် သတ်မှတ်ထားသော်လည်း အချို့ရပ်ကွက်များ၌ ပြည်သူ ထည့်ဝင်ငွေ (၄၀) ရာခိုင်နှုန်းကို ပြည့်မီအောင် ထည့်သွင်းနိုင်ခြင်းမရှိသဖြင့် လမ်း၏ သတ်မှတ်ပေအကျယ်ကို လျှော့၍ခင်းကျင်းကြောင်း သိရသည်။

“ပြည်သူတွေ ပူးပေါင်းပါဝင်မှုနဲ့ ရပ်ကွက်အသီးသီးက လမ်းပေါင်း (၄၃) လမ်းကို ကွန်ကရစ်လမ်းတွေအဖြစ် ခင်းနိုင်ခဲ့ပါပြီ။ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်မှာ လမ်းပေါင်း (၉၀) ဆက်လက်ခင်းပေးနိုင်ဖို့အတွက် ကျပ်သိန်းပေါင်း (၁၆,ဝဝဝ) ကျော် ကုန်ကျမှာဖြစ်ပါတယ်။ စည်ပင်က (၆၀) ရာခိုင်နှုန်းဖြစ်လို့ သိန်းတစ်သောင်းလောက် စိုက်ထုတ်သုံးစွဲရမှာပါ။ စည်ပင်က စိုက်ထုတ်နိုင်မယ့်ငွေကို လျာထားပြီး လိုငွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဆီ တင်ပြတောင်းခံရမှာပါ”ဟု စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦဖိုးနီက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရပ်ကွက်တွင်းရှိ မြေသားလမ်းများကို ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား စည်ပင်သာယာရေးဌာနက ထည့်ဝင်ငွေ (၆၀) ရာခိုင်နှုန်းနှင့် ပြည်သူထည့်ဝင်ငွေ (၄၀) ရာခိုင်နှုန်းဖြင့် ဆောင်ရွက်နေရာ ရပ်ကွက်အသီးသီးရှိ လမ်းပေါင်း (၄၀) ကျော်ကို ကွန်ကရစ်ခင်းထားပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လမ်းပေါင်း (၉၀)ကျော်ကို ကွန်ကရစ်ခင်းမည်ဟု သိရသည်။

မကွေးမြို့ရှိ ရပ်ကွက်လမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို လမ်းကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် လုပ်ဆောင်ပြီး တင်ဒါအောင်ကုမ္ပဏီက လမ်းအရည်အသွေးကို (၂)နှစ် အာမခံရကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net