မိုင်းယောင်းတွင် ယာဉ်နှင့် ယာဉ်မောင်း လိုင်စင်များကို နှစ်ရက်ကြာ ကွင်းဆင်းဆောင်ရွက်ပေးမည်

မိုင်းယောင်းတွင် ယာဉ်နှင့် ယာဉ်မောင်း လိုင်စင်များကို နှစ်ရက်ကြာ ကွင်းဆင်းဆောင်ရွက်ပေးမည်
နိုဝင်ဘာ 15, 2019
By 🌸


မိုင်းယောင်းတွင် ယာဉ်နှင့် ယာဉ်မောင်း လိုင်စင်များကို နှစ်ရက်ကြာ ကွင်းဆင်းဆောင်ရွက်ပေးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် မော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်းနှင့် ဆိုင်ကယ်မောင်းလိုင်စင်အသစ် ဆောင်ရွက်ပေးခြင်းကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်နှင့် (၁၇)ရက်နေ့များတွင် ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်သည်။

“မော်တော်ယာဉ်နဲ့ ယာဉ်မောင်းလိုင်စင်တွေ သက်တမ်းတိုးပေးမယ်။ အသစ်ဆိုရင် ဆိုင်ကယ်မောင်းလိုင်စင် လုပ်ပေးတယ်။ မိုင်းယောင်းမှာက နှစ်စဉ် (၅)လပိုင်းနဲ့ (၁၁)လပိုင်းတွေမှာ လုပ်ပေးနေကြပါ။ အခု (၁၁)လပိုင်းကတော့ သက်တမ်းတိုး ဆိုင်ကယ်တွေများနိုင်တယ်။ (၅)လပိုင်းက နည်းနည်း နည်းတယ်”ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုင်းလုံကျောက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။


မိုင်းယောင်းမြို့ အမှတ်(၈)ရပ်ကွက်ရှိ မြို့နယ်မထသရုံး၌ နိုဝင်ဘာလ (၁၆) ရက်နှင့် (၁၇) ရက်နေ့များတွင် နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၄) နာရီအထိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ပုံမှန်ကွင်းဆင်းဆောင်ရွက်ပေးခြင်းအပြင် ၂၀၂၀ ခုနှစ်တွင် မော်တော်ဆိုင်ကယ် မောင်းနှင်သူတိုင်း ယာဉ်မောင်းလိုင်စင်ရှိရမည် စီမံချက်ဖြင့် ဆိုင်ကယ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်ထိန်းတပ်ဖွဲ့နှင့် မြန်မာ့အာမခံလုပ်ငန်းတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။

တာချီလိတ် ရေပူစမ်းကျေးရွာတွင်ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် ကွင်းဆင်းဆောင်ရွက်ပေးမှု နှစ်ရက်တာအတွင်း  ၁၂၅ ဦးကို လိုင်စင်ထုတ်ပေးထား


ယာဉ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် စစ်ဆေးခ (၃) ကြိမ်အစား (၁) ကြိမ်သို့ လျှော့ချသတ်မှတ်ပေးထားသဖြင့် ပုံမှန်အတိုင်းယာဉ်မောင်းလိုင်စင်ပြုလုပ်သည်ထက် ငွေကျပ် (၄၀၀၀) လျော့နည်းမည်ဖြစ်သည်။

ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် ပြုလုပ်လိုသူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ လိုင်စင်ဓါတ်ပုံ (၃)ပုံနှင့်အတူ လာရောက်လုပ်ဆောင်နိုင်ပြီး အသက် (၁၈)နှစ်အောက်အတွက် ကျပ်တစ်သောင်းခွဲ၊ အသက် (၁၈)နှစ်အထက်အတွက် ကျပ်နှစ်သောင်းခွဲ ပေးသွင်းရမည်ဖြစ်သည်။
တာချီလိတ်ခရိုင်အတွင်းရှိ မိုင်းယောင်းမြို့သည် မြန်မာနိုင်ငံ၏ အရှေ့ဘက်အစွန်ဆုံးမြို့တစ်မြို့ဖြစ်သည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ #စိုင်းယောင်းခမ်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net