မိုင်းဆတ်ခရိုင်အတွင်း အူးဖူးဒေ့ နှင့် ဒကြားဒေ့ ကျေးရွာချင်းဆက်လမ်း ပျက်ဆီးနေ၍ တင်ဒါအောင် ကုမ္ပဏီမှ ပြန်ပြင် ပေးရမည်

မိုင်းဆတ်ခရိုင်အတွင်း အူးဖူးဒေ့ နှင့် ဒကြားဒေ့ ကျေးရွာချင်းဆက်လမ်း ပျက်ဆီးနေ၍ တင်ဒါအောင် ကုမ္ပဏီမှ ပြန်ပြင် ပေးရမည်
ဒီဇင်ဘာ 16, 2019
By Tachileik News Agency
 
မိုင်းဆတ်ခရိုင်အတွင်း အူးဖူးဒေ့ နှင့် ဒကြားဒေ့ ကျေးရွာချင်းဆက်လမ်း ပျက်ဆီးနေ၍ 
တင်ဒါအောင် ကုမ္ပဏီမှ ပြန်ပြင် ပေးရမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စုအတွင်း အူးဖူးဒေ့(အားဆော်ပေါ်မိုး)ကျေးရွာ နှင့် ခကြားဒေးကျေးရွာချင်းဆက် အရှည်(၂)မိုင်အား ကျောက်ခင်းလမ်းအဖြစ် ခင်းကျင်းဆောင်ရွက်ပြီးသော်လည်း ယခုအခါတွင် လမ်းများပျက်ဆီးနေသည့်အတွက် တင်ဒါအောင်သည့် ကုမ္ပဏီမှ  ပြန်လည်ပြုပြင်ပေးရမည်ဖြစ်ပြီး မပြုပြင်ပေးပါက စာချုပ်ပါ စည်းကမ်းချက်များအတိုင်း အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း  ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ပြည်နယ်လွှတ်တော်တွင် ပြောကြားသည်။

 ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါဝိဒ် ( ဓါတ်ပုံ - ရှမ်းပြည်နယ်လွှတ်တော် )

အူးဖူးဒေ့ကျေးရွာ မှ ခကြားဒေ့ကျေးရွာချင်းဆက်လမ်းအား ကျောက်ခင်းလမ်းအဖြစ် မကြာသေးမီက ခင်းကျင်းပြီးသော်လည်း လက်ရှိတွင် ပျက်ဆီးနေသည့်အတွက် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၁၆)ရက်နေ့တွင် ကျင်းပသည့် ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေး၌  မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါဝိဒ်က အောက်ပါအတိုင်း မေးမြန်းလိုက်ခြင်း ဖြစ်သည်။

မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စုတွင်ရှိသော  အူးဖူးဒေ့ကျေးရွာ မှ ခကြားဒေ့ကျေးရွာချင်း ဆက်လမ်းသည် ကျောက်ခင်းလမ်းများ ဖြစ်သော်လည်း ရာသီဥတု သဘာဝဘေးဒဏ်ကြောင့် ပျက်ဆီးနေပြီး သွားလာရေးခက်ခဲနေသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ၎င်းလမ်းအား ပြုပြင်ထိန်းသိမ်းပေးနိုင်ပါရန်နှင့် ပြုပြင်ထိန်းသိမ်းပေးနိုင်ခြင်း ရှိမရှိ သိရှိလို၍ မေးမြန်းတင်ပြခြင်း ဖြစ်ပါသည်။

 ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါဝိဒ်၏ မေးမြန်းမှုနှင့် ပတ်သက်၍  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက အောက်ပါအတိုင်း ပြည်နယ်လွှတ်တော်တွင် ဖြေကြားလိုက်ခြင်း  ဖြစ်သည်။

ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး ( ဓါတ်ပုံ - ရှမ်းပြည်နယ်လွှတ်တော် )

မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ အားဆော်ပေါ်မိုး အူးဖူးဒေ့ကျေးရွာ - ခကြားဒေ့ကျေးရွာချင်းဆက်လမ်း (၂)မိုင် ကျောက်ခင်းခြင်း လုပ်ငန်းအား ၂၀၁၈ - ၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ပြည်နယ်ရန်ပုံငွေဖြင့် ရွယ်ရယ်နမ့်ခုတ်ကုမ္ပဏီမှ တင်ဒါအောင်မြင်ပြီး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်၊ လုပ်ငန်းအပ်နှံစာချုပ် ချုပ်ဆိုခဲ့စဉ်က သဘာဝဘေးဒဏ်မှအပ ကျောက်လမ်းအပွန်းခံလွှာအတွက် နှစ်နှစ်အတွင်း ပျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ပါက လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီ အစီအစဉ်ဖြင့် ပြန်လည်ပြုပြင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ထည့်သွင်းချုပ်ဆို ထားရှိပါတယ်၊ ထို့ဖြစ်ပါ၍ အဆိုပါ ကျောက်လမ်း (၂)မိုင် ပျက်ဆီးမှုအား သက်ဆိုင်ရာ ကုမ္ပဏီသို့ ပြန်လည်ပြုပြင် ဆောင်ရွက်ရန် အကြောင်းကြားသွားမှာ ဖြစ်ပြီး အကယ်၍ ကုမ္ပဏီမှ ပြုပြင်ခြင်း မရှိပါက လုပ်ငန်းတန်ဖိုး၏ လုပ်ငန်းပြီးမြောက်မှု အာမခံကြေးအဖြစ် အပ်နှံထားသည့်  ပါဖောမန့်ဂရန်တီ (၅)ရာခိုင်နှုန်းအား ထုတ်ပေးခြင်း မပြုဘဲ ဆိုင်းငံ့ထားခြင်း စာချုပ်ပါ စည်းကမ်းချက်များအတိုင်း အရေးယူ ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း  လွှတ်တော်ဥက္ကဌကြီးကနေ တဆင့် ပြန်လည်ဖြေကြား တင်ပြအပ်ပါတယ်။

မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စုအတွင်းရှိ အူးဖူးဒေ့(အားဆော်ပေါ်မိုး)ကျေးရွာသည် အာခါတိုင်းရင်းသားများ နေထိုင်ကြပြီး ခကြားဒေးကျေးရွာသည် လားဟူတိုင်းရင်းသားများ အများစုနေထိုင်ကြကြောင်း သိရှိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~