ကယားပြည်နယ် ရိုးရာလက်မှုပစ္စည်းပြပွဲ နှင့် ဈေးရောင်းပွဲတော်ကို ပြည်နယ်လွှတ်တော်ရုံးဝန်းတွင် ကျင်းပနေ

ကယားပြည်နယ် ရိုးရာလက်မှုပစ္စည်းပြပွဲ နှင့် ဈေးရောင်းပွဲတော်ကို ပြည်နယ်လွှတ်တော်ရုံးဝန်းတွင် ကျင်းပနေ
နိုဝင်ဘာ 19, 2019
By Tachileik News Agency
ကယားပြည်နယ် ရိုးရာလက်မှုပစ္စည်းပြပွဲ နှင့် ဈေးရောင်းပွဲတော်ကို ပြည်နယ်လွှတ်တော်ရုံးဝန်းတွင် ကျင်းပနေ

ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ၏ လက်မှုပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့မှ (၂၀)ရက်နေ့အထိ ကယားပြည်နယ်လွှတ်တော်ရုံးဝန်းရှိ ဟစ်တိုင်ကွင်းတွင် ကျင်းပနေသည်။

ပြည်နယ်တွင်းမှ ဌာနေတိုင်းရင်းသားများ၏ မျိုးနွယ်စုအလိုက် ရိုးရာလက်မှုပညာများ၊ ဒေသထွက် အစား အသောက်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် ရိုးရာအဝတ်အထည်များကို ပြသရောင်းချနေခြင်း ဖြစ်သည်။

̎ကျွန်မတို့ရဲ့ ပစ္စည်းတွေကို ပြသခွင့်ရလို့ ဝမ်းသာတယ်။ ကျွန်မတို့ဆီမှာ ဒီလိုပစ္စည်းတွေရှိတယ်။ ကုန်ကြမ်းကနေ ကုန်ချောအထိ ကျေးရွာကဒေသခံတွေ ကိုယ်တိုင်ထုတ်လုပ်တဲ့ ကော်ဖီတွေကအစပေါ့ ရှိတယ်။ အစိုးရက အခုလိုမျိုး ပွဲတော်တွေကို လုပ်နိုင်ဖို့ ပံ့ပိုးပေးဖို့လိုပါတယ်။ ဒါမှ ကျွန်မတို့ ဒေသရဲ့ ကိုယ်ပိုင်ထုတ်ကုန်တွေအပေါ် စိတ်ဝင်စားပြီး ဝယ်ယူမယ့်သူတွေ ရောက်လာမယ်။ ဒေသခံတွေအတွက်လည်း ဈေးကွက်တစ်ခု ရရှိလာမှာပါ ̎ဟု လက်မှုပစ္စည်းများနှင့် ရိုးရာအစားစာများ ပြသရောင်းချနေသည့် ကယားဖူးလူမှုဖွံ့ဖြိုးရေးအသင်း တာဝန်ခံ ဒေါ်လီမြာက ပြောသည်။

ကယားပြည်နယ်ရိုးရာ လက်မှုပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်အား ကယားပြည်နယ်လွှတ်တော်၊ နိုင်ငံတကာ ကုန်သွယ်မှုဗဟို (ITC) နှင့် ကယားပြည်နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ရိုးရာ လက်မှု ပညာများအား အားပေးမြှင့်တင်နိုင်ရန်နှင့် လက်မှုထုတ်ကုန်ပစ္စည်းများအတွက် ဈေးကွက် ချိတ်ဆက်မှုရရှိစေရန် ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

̎ သူတို့ယက်ကန်းတွေဆိုလည်း တော်တော်လေး ဆန်းသစ်လာတယ်။ ပန်းပုဆိုလည်း တော်တော်လေးကို လက်ရာကောင်းတယ်။ လှတယ်ပေါ့လေ။ ဒါပေမဲ့ ဈေးကွက်မရှာနိုင်ကြတဲ့ အနေထားဖြစ်နေတယ်။ အရည်အသွေး နည်းနည်းလေး မြှင့်တင်မယ်။ ခရီးသွားလုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး ဒီလိုပြပွဲ ရောင်းပွဲလေးတွေ မကြာခဏ လုပ်ပေးမယ်ဆို တော်တော်လေးစိတ်ဝင်စားစရာ ဖြစ်လာမယ်ထင်တယ် ̎ ဟု ရန်ကုန်မြို့မှ လာရောက်လည်ပတ်သည့် ကိုရှိုင်းအောင်က ပြောသည်။

ဈေးရောင်းပွဲတော်ကျင်းပစဉ် ကာလအတွင်း လွှတ်တော်ရုံးဝန်းအတွင်း ဝင်ပေါက်များအားလုံးကို ဖွင့်လှစ်ထားမည်ဖြစ်ရာ မည်သူမဆို လွတ်လပ်စွာ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net