ကယားပြည်နယ်တွင်း အခြေခံပညာကျောင်းများ ပြန်ဖွင့်ရန် ပြင်ဆင်နေသော်လည်း ဆရာ/ဆရာမနှင့် ကျောင်းသားမိဘအချို့က CDM ဆက်လုပ်မည်

ကျောင်းအတွင်း လာရောက်ရှင်းလင်းရေး လုပ်ဆောင်နေစဉ်
ကျောင်းအတွင်း လာရောက်ရှင်းလင်းရေး လုပ်ဆောင်နေစဉ်
ကယားပြည်နယ်တွင်း အခြေခံပညာကျောင်းများ ပြန်ဖွင့်ရန် ပြင်ဆင်နေသော်လည်း ဆရာ/ဆရာမနှင့် ကျောင်းသားမိဘအချို့က CDM ဆက်လုပ်မည်
မေ 15, 2021 | ကယား

ကယားပြည်နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်ရေးအတွက် ၂၀၂၁ ခုနှစ် မေလအတွင်း ကျောင်းအချို့၌  ပြင်ဆင်မှုများ ပြုလုပ်နေသော်လည်း စစ်အာဏာရှင်ကိုလက်မခံသည့် ပညာရေးဝန်ထမ်းများက  CDM ဆက်လုပ်မည့်အပြင် ကျောင်းသားမိဘအချို့က ကျောင်းမအပ်သည့် CDM လုပ်ဆောင်မည်ဟု သိရသည်။

ကျောင်းထဲမှာ ချောင်းကြည့်တာတော့ မြက်ပင်တွေဘာတွေ ဝိုင်းရှင်းနေတဲ့ ရဲတွေတွေ့တယ်။  ဒါက ကျောင်းပြန်ဖွင့်ဖို့ ပြင်ဆင်နေတဲ့သဘောပါ။ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်နေတဲ့ သဘောပေါ့ ။ ကျွန်မတို့အနေနဲ့ကတော့ ကလေးတွေကို ကျောင်းအပ်မှာ မဟုတ်ဘူး ။ ဒီကဆရာဆရာမတွေ တော်​တော်များများလည်း CDM လုပ်ထားတယ်။ သူတို့ပြင်ဆင်လည်း ကျွန်မတို့ ကလေးတွေကို တော့ ကျောင်းအပ်မှာမဟုတ်ဘူး

ဟု လွိုင်ကော်မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ကယားပြည်နယ်ရှိ မြို့နယ် (၇)မြို့နယ်တွင် ၂၀၂၀ ခုနှစ် စာရင်းများအရ အခြေခံပညာ ကျောင်း (၄၅၃) ကျောင်းရှိပြီး ကျောင်းအများစုရှိ  ဆရာဆရာမများမှာ CDM ပြုလုပ်ထားကြခြင်းဖြစ်၍ ကျောင်းများဖွင့်ပါကလည်း CDM ဆရာများ တက်ရောက်မည်မဟုတ်ဟု ဆိုသည်။

စစ်တပ်အုပ်ချုပ်ခဲ့တဲ့ ကာလတွေမှာ ဘယ်တုန်းကမှ ကျောင်းသား၊ ဆရာ ပညာရေးအခွင့်အလမ်း ရပိုင်ခွင့် အပြည့်အဝ မရခဲ့သလို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဆိုတာလည်း မရှိခဲ့ဘူး။ ဒီမိုကရေစီ အပြည့်အဝနဲ့ ပညာရေးအခွင့်အလမ်း အပြည့်အဝရတဲ့အချိန်ရောက်မှသာ ကျောင်းပြန်တက်မယ်။ စစ်ကျွန်ပညာရေး သွေးစွန်းတဲ့သူတွေရဲ့ အုပ်ချုပ်မှုအောက်ကနေ လုံခြုံမှုမရှိတဲ့ ကျောင်းခန်းထဲမှာ ကျွန်မတို့ စာသင်မှာမဟုတ်ဘူး ။ ကျောင်းပြန်ဖွင့် ဖို့ပြင်နေတဲ့ သူတွေကိုလည်း ရှုံ့ချပါတယ်

ဟု CDM ပြုလုပ်ထားသည့်  အထက်တန်းပြ ဆရာမ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။ 

လွိုင်ကော်မြို့တွင် မေလ ပထမပတ်ကျော်မှစ၍  မူလတန်းကျောင်းအချို့ကို ကျောင်းဖွင့်ရန်ပြင်ဆင်နေသည်ကို တွေ့ရပြီး  လွိုင်ကော်မြို့ ၊ နောင်ယားရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်း၌လည်း  အာဏာသိမ်းအဖွဲ့၏ ရဲတပ်ဖွဲ့က မြက်ရှင်းနေသည်ဟု သိရသည်။

အလားတူ ဒီးမော့ဆို မြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်တွင်း မြို့ပေါ်အခြေခံပညာ အထက်တန်းကျောင်းအချို့နှင့်  ကျေးရွာအချို့ရှိ အခြေခံပညာကျောင်းများကိုလည်း ပြုပြင်ပြင်ဆင်ခြင်းများ လုပ်ဆောင်နေပြီး အချို့ကျောင်းများတွင် ဆရာဆရာမ အချို့ကိုပါ  တွေ့ရှိ​ နေရကြောင်း တာချီလိတ်သတင်းအေဂျင်စီက ဒေသခံများထံ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။