ကယားပြည်နယ်တွင်း COVID 19 ကူးစက်ခံရသူ  (၂၇)ဦး နှင့်  သေဆုံးသူ (၁)ဦး ထပ်တိုး 

ကယားပြည်နယ်တွင်း COVID 19 ကူးစက်ခံရသူ  (၂၇)ဦး နှင့်  သေဆုံးသူ (၁)ဦး ထပ်တိုး 
ဇူလိုင် 28, 2021 | Covid-19| ကယား

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နှင့် ဖားဆောင်းမြို့နယ်တို့တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်နေ့ စစ်ဆေးချက်အရ COVID -19 ကူးစက်ခံရသူ (၂၇)ဦးတွေ့ရှိခဲ့ပြီး သေဆုံးသူ (၁)ဦးရှိကြောင်း သိရသည်။ 

လွိုင်ကော်မြို့တွင် စစ်ဆေးချက်အရ စက်မှုဇုံယာဥ်ရပ်နားစခန်း Quarantine မှ (၄)ဦး ၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ (၁၁)ဦး နှင့် ဖားဆောင်းမြို့နယ် မော်ချီးဒေသမှ (၁၂)ဦးတို့တွင်   COVID -19  ပိုးများ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ 

လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီး ကိုဗစ်ကုသဆောင်တွင် COVID -19  အတည်ပြုလူနာအဖြစ် တက်ရောက်ကုသမှုခံယူနေသော အသက် (၄၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာလည်း ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းက သေဆုံးသွားခဲ့​ကြောင်း သိရသည်။ 

လွိုင်ကော်မြို့တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစ၍ COVID -19  အတည်ပြုလူနာသေဆုံးမှုမှာ တစ်ရက်လျှင် (၁) ဦးနှုန်းရှိနေပြီး  ဇူလိုင်လ ၂၈ ရက်နေ့ထိ လွိုင်ကော်မြို့တွင် သေဆုံးသူ စုစုပေါင်း (၁၆) ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။ 

ကယား(ကရင်နီ)ပြည်နယ်တွင် COVID -19  ပိုးတွေ့ရှိသူများမှာ ဇူလိုင်လ ၂၈ ရက်နေ့ ညပိုင်းထိ လွိုင်ကော်မြို့တွင်  ( ၄၁၇)ဦး၊ ဖရူဆိုမြို့တွင် ( ၆) ဦး၊ ဘောလခဲမြို့တွင် ( ၁၅)ဦး၊ ဖားဆောင်းမြို့တွင်(၅၅)ဦး တို့ဖြစ်ပြီး တစ်ပြည်နယ်လုံးတွင် စုစုပေါင်း ပိုးတွေ့ရှိသူ (၄၉၃)ဦးထိ ရှိလာပြီဖြစ်ပြီး သေဆုံးသူ (၁၇)ဦးရှိပြီဖြစ်ကြောင်း သိရသည်။