အာဏာသိမ်း စစ်တပ်၏ လေကြောင်းဖြင့်ပါ တိုက်ခိုက်ခံနေရသည့် အတွက် ကရင်နီပြည်မှ ဒေသခံများ ရှမ်း(တောင်)သို့ ညတွင်းချင်း ထွက်ပြေးနေရ

အာဏာသိမ်း စစ်တပ်၏ လေကြောင်းဖြင့်ပါ တိုက်ခိုက်ခံနေရသည့် အတွက် ကရင်နီပြည်မှ ဒေသခံများ ရှမ်း(တောင်)သို့ ညတွင်းချင်း ထွက်ပြေးနေရ
ဇန်နဝါရီ 9, 2022 | ရှမ်းတောင်| ကယား

ကရင်နီ(ကယား) ပြည်နယ်တွင်းကို အာဏာသိမ်းစစ်ကောင်စီ၏တပ်က လေကြောင်းကပါ တိုက်ခိုက်နေသည့်အတွက် ဒေသခံပြည်သူအချို့ ပြည်နယ်တွင်းမှ ရှမ်းပြည်နယ်တောင်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အာဏာသိမ်းစစ်တပ်က လွိုင်ကော်မြို့တွင် ဇန်နဝါရီလ (၈) ရက်နေ့ တစ်နေ့တာတိုက်ပွဲအတွင်းမှာပင် ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များဖြင့် (၁၀)ကြိမ်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ယနေ့ ဇန်နဝါရီလ (၉) ရက်နေ့တွင်လည်း ဒီးမော့ဆိုကို ရဟတ်ယာဉ်ဖြင့် (၃) ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် လူနေရပ်ကွက်များဆီကိုပါ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းတို့ကြောင့် ဇန်နဝါရီလ (၈) ရက်နေ့ကတည်းက လွိုင်ကော်တွင်နေထိုင်သူများသည် ဒေသကာကွယ်ရေးအဖွဲ့များ၏ အကူအညီဖြင့် စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အချို့မှာ မြို့တွင်း ပိတ်မိနေခဲ့ကြခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်က မြို့အား ဗုံးထပ်ကြဲမည်ဟု သတင်းများထွက်နေပြီးနောက် လွိုင်ကော်မြို့တွင်း ပိတ်မိနေသူများက ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့များဘက်သို့ ထွက်ပြေးတိမ်း ရှောင်နိုင်ရန် ကြိုးစားလာကြသည်ကို တွေ့ရသည်။

ကရင်နီပြည်နယ်တွင်း နေရာဒေသအများစုတွင် တိုက်ခိုက်ခံနေရမှုများကြောင့် စစ်ဘေးရှောင်များအတွက် အကူအညီများစွာ လိုအပ်နေကြောင်း သိရသည်။

#TachileikNewsAgency

Photo: Shan State Red Cross