လွိုင်ကော်မြို့တွင်  ပြည်နယ်လွှတ်တော်ညွှန်ကြားရေးမှူး သေနတ်ပစ်ခံရ

လွိုင်ကော်မြို့တွင်  ပြည်နယ်လွှတ်တော်ညွှန်ကြားရေးမှူး သေနတ်ပစ်ခံရ
နိုဝင်ဘာ 2, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့ နောင်ယားရပ်ကွက်တွင် ပြည်နယ်လွှတ်တော် ညွှန်ကြားရေးမှူး၏ ကား ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့တွင် သေနတ်ဖြင့်ပစ်ခံရ၍ ကားမောင်းသူ ထိမှန်သွားပြီး ၎င်းကား နောက်ပြန်ဆုတ်စဉ် တိုက်မိ၍ အုတ်ခုံတွင်ထိုင်နေသူတစ်ဦးလည်း ဒဏ်ရာရသွားကြောင်းသိရသည်။

ကယားပြည်နယ်လွှတ်တော် ညွှန်ကြားရေးမှူး ဦးကျော်စိုးသူ၏ ကားမှာ နောင်ယားရပ်ကွက်အတွင်း ပစ်ခတ်ခံရစဉ် ကားကို နောက်ပြန်ဆုတ်လိုက်ရာ အနောက်ရှိ အုတ်ခုံတစ်ခု၊ သစ်ပင်တို့ကို ဝင်တိုက်ပြီး ခြံစည်းရိုးဘေးထိုးကျသွားရာ အုတ်ခုံတွင် ထိုင်နေသူတစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။

ဒီနေ့ နေ့လယ်ပိုင်းလောက်မှာ နောင်ယားမှာ သေနတ်ပစ်မှုဖြစ်သွားတယ်။ လွှတ်တော်ညွှန်ကြားရေးမှူး ကျော်စိုးသူရဲ့ကားကို ပစ်ခံရတာလို့ သိရတယ်။ သူ့ကိုထိသွားပြီး ဆေးရုံရောက်သွားတယ်လို့ သိရတယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၂)ရက်နေ့ ညနေပိုင်းက ပြောသည်။ 

အဆိုပါကားပေါ်တွင် အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦးပါဝင်သည်ကို တွေ့ရပြီး သေနတ်ထိမှန်သူမှာ ပြည်နယ်လွှတ်တော် ညွှန်ကြားရေးမှူး ဦးကျော်စိုးသူဖြစ်သည်ဟု ကနဦးသိရပြီး ဆေးရုံသို့ပို့ဆောင်ထားသည်ဟု သိရသည်။

ဒဏ်ရာရရှိမှုအခြေအနေနှင့် မည်သူက ပစ်ခတ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။