ကျောက်မဲနှင့် နမ့်ဆန်တွင် တိုက်ပွဲရှောင် ၇၀၀ ကျော် အတွက် စားနပ်ရိက္ခာနှင့် အနွေးထည်လိုအပ်နေ

ကျောက်မဲနှင့် နမ့်ဆန်တွင် တိုက်ပွဲရှောင် ၇၀၀ ကျော် အတွက် စားနပ်ရိက္ခာနှင့် အနွေးထည်လိုအပ်နေ
နိုဝင်ဘာ 19, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့ကစတင်သည့် တိုက်ပွဲများကြောင့် နမ့်ဆန်မြို့နယ်နှင့် ကျောက်မဲမြို့နယ်အစပ်ရှိ ကျေးရွာ (၃) ခုတွင် ရောက်ရှိနေသည့် တိုက်ပွဲရှောင် (၇၀၀) ကျော်အတွက် စားနပ်ရိက္ခာနှင့် အနွေးထည်များ လိုအပ်နေကြောင်း သိရသည်။

 
"တိုက်ပွဲတွေကတော့ (၁၁) ရက်နေ့ကနေ စဖြစ်ကြတာ။ သူတို့လည်း တဖြည်းဖြည်း တိမ်းရှောင်လာရင်းနဲ့ အခုက ကျောက်မဲဘက်ကို သွားရမယ့်လမ်းပိုင်းမှာ စိတ်မချရတော့ ကျောက်မဲနဲ့ နမ့်ဆန်အစပ်မှာ ရှောင်နေရတယ်။ ရောက်ရောက်ချင်းတော့ ဒေသခံတွေဆီက ထောက်ပံ့တာတွေနဲ့ စားသောက်လို့ရတယ်။ အခုက ရက်ရှည်လာတော့ စားနပ်ရိက္ခာနဲ့ အနွေးထည်၊ စောင်တွေလိုအပ်တယ်။ မနေ့ကအထိ စာရင်းအရ လူဦးရေ (၇၃၀) ရှိတယ်" ဟု တိုက်ပွဲရှောင်များအား ကူညီပေးနေသည့် အိုတမာဝ်လူမှုကူညီရေးအသင်း( နမ့်ဆန် ရှမ်း/မြောက် )မှ ပြန်ကြားရေးတာဝန်ခံ ကိုစမိုင်းက တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် ပြောသည်။

ကျောက်မဲခရိုင် မိုင်းငေ့ါမြို့နယ်ရှိ  ခိုငင်း၊ အုံအွီး၊ အာပြောင်နှင့် ကြက်သေကျေးရွာများအနီးတွင် TNLA နှင့် တပ်မတော်တို့ကြား နိုဝင်ဘာလ (၁၁)ရက်နေ့မှစ၍ တိုက်ပွဲများကြောင့် တိမ်းရှောင်လာသူအရေအတွက်မှာ နိုဝင်ဘာလ (၁၈) ရက်နေ့အထိ စုစုပေါင်း (၇၃၀) ဦးရှိနေပြီဖြစ်ကြောင်း အိုတမာဝ်လူမှုကူညီရေးအဖွဲ့၏ စာရင်းအရ သိရသည်။

ကျောက်မဲနှင့် နမ့်ဆန်မြို့နယ်နှစ်ခုအစပ်တွင် တိုက်ပွဲရှောင်နေသူများကို ကျောက်မဲမြို့သို့ လိုအပ်ပါက ခေါ်ယူပေးနိုင်ရန် လူမှုကူညီရေးအသင်းများက အဆင်သင့်ပြင်ဆင်ထားကြပြီး လိုအပ်သည့် အထောက်အပံ့များ ပေးပို့ရေးမှာလည်း လုံခြုံရေးအခြေအနေကြောင့် သွားရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

" အသင်းအနေနဲ့ကတော့ သူတို့ဘက်က ဝင်လာဖို့ခွင့်ပြုတယ်ဆိုရင် သွားပြီး ကယ်ထုတ်ဖို့၊ ကူညီဖို့အတွက် အဆင့်သင့် အနေအထားတွေနဲ့ ရှိပါတယ်။ ထောက်ပံ့လှူဒါန်းလိုတဲ့ မြို့ခံတွေက လာလာမေးကြပေမဲ့ ကျွန်တော်တို့ အဲဒီဘက်သွားဖို့က အဆင်မပြေတာလေးတွေရှိလို့ မသွားရသေးပါဘူး" ဟု ကျောက်မဲရှိ ဇီဝိတ လူမှုကူညီရေးအသင်းမှ ကိုစောမင်းကြူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် တိုက်ပွဲရှောင်များမှာ ကျောက်ဖြူလေးကျေးရွာတွင် တိုက်ပွဲရှောင် (၅၀၀) ဦး၊ မန်ခေါက်ကျေးရွာ တွင် (၅၀) ဦးနှင့် ပန်နင်းကျေးရွာတွင် (၂၈၀) ဦးတို့ရှိနေပြီး တိုက်ပွဲရှောင်များအား ဆက်သွယ်ကူညီလိုပါက အိုတမာဝ်လူမှုကူညီရေးအသင်း ဖုန်း 09-403704466  သို့ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း -  နေဖြိုးမြင့်
ဓါတ်ပုံ - အိုမ်တမာဝ် - လူမှုကူညီရေးအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net