အာဏာသိမ်းအဖွဲ့၏စစ်တပ်နှင့် MNDAA တို့ တစ်နေ့အတွင်း တိုက်ပွဲ (၄)ကြိမ်ဖြစ်ပွား

Photo: The Kokang
Photo: The Kokang
အာဏာသိမ်းအဖွဲ့၏စစ်တပ်နှင့် MNDAA တို့ တစ်နေ့အတွင်း တိုက်ပွဲ (၄)ကြိမ်ဖြစ်ပွား
စက်တင်ဘာ 19, 2021 | ရှမ်းမြောက်

အာဏာသိမ်းအဖွဲ့၏ စစ်တပ်က MNDAA ကို  ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့က တစ်နေ့တာအတွင်း တိုက်ပွဲ (၄) ကြိမ်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်သည်ဟု ကိုးကန့်သတင်းဖေါ်ပြချက်အရ သိရသည်။

ဖောင်းဆိုင်ဒေသတွင် တပ်စွဲထားသည့် အာဏာသိမ်းအဖွဲ့၏ စစ်တပ်က စက်တင်ဘာလ (၁၇) ရက်နေ့ ညနေ (၇)နာရီခွဲဝန်းကျင်ကတည်းက MNDAA တပ်စခန်းများကို လက်နက်ကြီးများဖြင့် ကြိုကြား ကြိုကြား ပစ်ခတ်တိုက်ခိုက်နေချိန်တွင် ပန်ဆိုင်းဒေသရှိ စစ်ကောင်စီတပ်က မုံးကိုးခရိုင်၊ ဟေးမုံးလုံဒေသသို့ လှုပ်ရှားလာခဲ့ပြီးနောက် စက်တင်ဘာလ (၁၈) ရက်နေ့တွင် MNDAA ကို (၄)ကြိမ်တိုင်တိုင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် MNDAA တို့သည် စက်တင်ဘာလ (၁၈) ရက်နေ့ နံနက် (၈) နာရီကျော်တွင်  ပန်ဆိုင်းအနီး နန်ဟူသံမဏိစက်ရုံ၌ တိုက်ပွဲစဖြစ်ကာ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပါ ပြင်းပြင်းထန်ထန် တိုက်ခိုက်သည်ဟု သိရသည်။

ယင်းနောက် နံနက် (၁၀)နာရီခွဲဝန်းကျင်မှ ညနေအထိ နန်ဆူး- လော်ကူ လမ်းကြား၊ နန်ဆူး- လှိုင်ကျုံးလမ်းကြားနှင့် ကုန်းရှိထီး- စော်ထန်ဟဲ ကြားတွင် တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာလ (၁၇) ရက်နေ့တွင် တပ်ဖွဲ့ဝင်အပြည့်ပါသည့် စစ်ကား (၁၅) စီးဖြင့် လောက်ကိုင်မှ တာရွှေဟန်သို့ တက်လာသည်ကိုတွေ့ရပြီး စက်တင်ဘာလ (၁၈) ရက်နေ့တွင် လုံးကန်ကြောင်၊ ဟဲရှန်းနှင့် လုံးခန်တို့တွင် အခြေချသည့် တပ်များအနီးရှိ ရှင်းဖျင်ကျဲသို့ ရောက်လာသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာလဆန်းကတည်းက ဖောင်းဆိုင်ဒေသရှိ MNDAA အပေါ် ထိုးစစ်ဆင်တိုက်ခိုက်ရာ၌ ဟဲရှန်း နှင့် လုံးခန်ဒေသအခြေစိုက်တပ်များမှ လက်နက်ကြီးပစ်ကူတိုက်ခိုက်ပြီး သံလွင်မြစ်အနောက်ခြမ်းကို စစ်ကူပို့ရန် ကြိုးပမ်းမှုများရှိကြောင်း သိရသည်။