ဒေသတစ်ခုလုံး အခက်အခဲဖြစ်နေချိန်တွင် ကျောက်မဲစည်ပင်က ပစ္စည်းခွန်ကောက်ခံနေ

ဒေသတစ်ခုလုံး အခက်အခဲဖြစ်နေချိန်တွင် ကျောက်မဲစည်ပင်က ပစ္စည်းခွန်ကောက်ခံနေ
စက်တင်ဘာ 10, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် COVID 19 အခြေအနေကြောင့် အလုပ်အကိုင် အဆင်မပြေဖြစ်နေချိန်တွင် စည်ပင်သာယာရေးဌာနက ပစ္စည်းခွန်များကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ( ၁၅ )ရက်နေ့မတိုင်မီ ပေးဆောင်ခြင်းမပြုပါက တရားစွဲမည်ဟု စာထုတ်ထားသဖြင့် အခက်အခဲဖြစ်နေကြကြောင်း သိရသည်။

COVID 19 အခြေအနေ ဒီလောက်ဆိုးနေတာ ဘာစီးပွားရေးမှ အလုပ်မဖြစ်ဘူးလေ။ နေ့စဉ်စားသောက်ဖို့တောင် အနိုင်နိုင် ရှာဖွေနေရတာ။ အဲဒါကို အိမ်ခွန်၊ ရေခွန်၊ အမှိုက်ခွန် စတာတွေကို တစ်ပေါင်းတည်းလာပြီး ကောက်နေတယ်။ သတ်မှတ်ရက်မတိုင်ခင် သူတို့ရုံးကို ကိုယ့်ဘာသာကိုယ် သွားဆောင်ရမယ်လို့ပြောပြီး စာလာပို့သွားတယ်

 ဟု ကျောက်မဲမြို့ခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အကြောင်းကြားစာတွင် ၂၀၂၁- ၂၀၂၁  ဘဏ္ဍာနှစ် ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက်  နေအိမ် အဆောက်အဦ အမျိုးအစားအလိုက် ပစ္စည်းခွန်များကို စက်တင်ဘာလ ( ၁၅ )ရက်နေ့ နောက်ဆုံးထား၍ မြို့နယ် စည်ပင်သာယာရေးဌာနရုံးသို့ လာပေးဆောင်ရန်နှင့် ပေးဆောင်ရန်ပျက်ကွက်ပါက ရှမ်းပြည်နယ် စည်ပင်သာယာရေး ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဟု ပါရှိသည်ကို တွေ့ရသည်။

ကျောက်မဲမြို့နယ်အတွင်း  ဇွန်လ ( ၂၀) ရက်နေ့မှစ၍ လက်ရှိအချိန်ထိ စစ်ဆေးထားသူများမှ COVID 19 ရောဂါပိုးတွေ့ရှိသူ (၉၀၀) ကျော်တွေ့ထားရာ ကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေးအတွက် ဈေးများကို စည်ပင်သာယာရေးဌာနက ပိတ်ခိုင်းထားသည့်အတွက် စိုက်ပျိုးရေးနှင့် ရောင်းဝယ်ရေးကို အဓိက အားထားနေကြသည့် လူထုမှာ နေ့စဉ်စားဝတ်နေရေးအတွက်ပင် အခက်အခဲဖြစ်နေကြရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဇူလိုင်လကတည်းက ကျောက်မဲမြို့နယ်အတွင်း RCSS၊ SSPP နှင့် TNLA တို့ကြား တိုက်ပွဲများကြောင့် ကျောက်မဲမြို့ပေါ်နှင့် မြို့နီးစပ်ကျေးရွာများသို့ တိမ်းရှောင်လာရသူ (၁၀၀၀) ကျော်ရှိနေပြီဖြစ်ကာ ဒေသတစ်ခုလုံး စားဝတ်နေရေးအခက်အခဲဖြင့် ရင်ဆိုင်နေရသည့်အချိန်တွင် ယခုကဲ့သို့ အခွန်အခများကို မြို့နယ်စည်ပင်သာယာရေးဌာနက အိမ်တိုင်ရာရောက် စာပို့ကာ လိုက်လံကောက်ခံနေခြင်းဖြစ်သည်။