စည်ပင်က လုပ်ဆောင်ထားသည့်  ကျောက်မဲမြို့အဝင် မုခ်ဦး နှင့် We Love  Kyaukme တို့ကို ဒီဇိုင်းပိုင်းအရ တည်ကြည်ခန့်ညားမှုမရှိ၍ ဒေသခံများ ဝေဖန်

စည်ပင်က လုပ်ဆောင်ထားသည့်  ကျောက်မဲမြို့အဝင် မုခ်ဦး နှင့် We Love  Kyaukme တို့ကို ဒီဇိုင်းပိုင်းအရ တည်ကြည်ခန့်ညားမှုမရှိ၍ ဒေသခံများ ဝေဖန်
ဒီဇင်ဘာ 20, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း )ကျောက်မဲမြို့တွင် အသစ်တည်ဆောက်ထားသော မြို့အဝင်မုခ်ဦး၏ အပြင်အဆင်မှာ တည်ကြည်ခန့်ညားမှု မရှိသည့်အတွက်  ဒေသခံလူထုအများစုက ဝေဖန်လျှက်ရှိသော်လည်း မြို့နယ်စည်ပင်သာယာရေးဌာနက မုခ်ဦးအားအပြီးသတ်ဆောက်လုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အခြားမြို့တွေမှာ ဘယ်မြို့မှာပဲ ကြည့်ကြည့် …မြို့မှ ကြိုဆိုပါ၏/ မြို့မှ နှုတ်ခွန်းဆက်သပါ၏ လို့ပဲ ရေးထားကြတာ၊ ကျောက်မဲမုခ်ဦးမှာ ရေးထားတာက “ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့က လှိုက်လှဲစွာ ကြိုဆိုပါ၏” ဆိုပြီး ရေးထားတာ၊ သူများထက် ထူးနေသလိုပဲ၊ ပြီးတော့ မုခ်ဦးထိပ်မှာ တပ်ထားတဲ့ အချွန်တွေကလဲ ကလေးကစားကွင်း ဝင်ပေါက်လိုလို ဒစ္စနေကာတွန်းကားထဲက ဒီဇိုင်းလိုလိုနဲ့ ခန့်ညားမှု မရှိဘူး၊ We Love Kyaukme လုပ်ထားတာကလဲ တစ်ခြားမြို့တွေလို LED ဆိုင်းဘုတ်နဲ့မဟုတ်ဘဲ ပေါတောတော ဆန်လွန်းတယ်

ဟု ကျောက်မဲ ဒေသခံတစ်ဦးက Tachileik News Agency ပြောသည်။

ကျောက်မဲမြို့အား ဖြတ်သန်းသွားသည့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယခင်ကတည်ဆောက်ထားသော မြို့အဝင် မုခ်ဦးတွင်မူ ရှမ်းပြည်နယ်၏ အဓိကစိုက်ပျိုးထုတ်လုပ်ရာ စပါးနှံပုံနှင့် ရှမ်းအိုးစည်တီးခတ်နေသည့် ပုံ၊ လောကနတ် ရုပ်တု စသည့် အမြင်တင့်တယ်သော ရုပ်ကြွများ ပါဝင်ခဲ့သည့်အတွက် အများသူငှာ မျက်စိပသာဒ ဖြစ်၍ သဘောကျခဲ့ကြသော်လည်း ၎င်းမုခ်ဦးအဟောင်းမှာ အဓိကယာဉ်လမ်းကြောင်းပေါ်တွင်ရှိနေပြီး ပြည်ထောင်စုလမ်းမကြီးအား ချဲ့ထွင်ရာတွင် မလွတ်ကင်းသည့်အတွက် ဖျက်လိုက်ရခြင်းဖြစ်သည်။



#TachileikNewsAgency