ဒေါ်အောင်ဆန်းစုကြည်ကြောင့် ပြည်ပနိုင်ငံများ၏ ဩဇာအောက်သို့ မသိမသာရောက်ရှိခဲ့ပြီး လွတ်လပ်ရေးဆုံးရှုံးခဲ့ရဟုပြောကာ ပြည်သူ့စစ်များကို အာဏာသိမ်းစစ်ခေါင်းဆောင် စည်းရုံး

ဒေါ်အောင်ဆန်းစုကြည်ကြောင့် ပြည်ပနိုင်ငံများ၏ ဩဇာအောက်သို့ မသိမသာရောက်ရှိခဲ့ပြီး လွတ်လပ်ရေးဆုံးရှုံးခဲ့ရဟုပြောကာ ပြည်သူ့စစ်များကို အာဏာသိမ်းစစ်ခေါင်းဆောင် စည်းရုံး
စက်တင်ဘာ 11, 2023 | 2021 Military Coup| ရှမ်းမြောက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကြောင့် မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများ၏ ဩဇာအောက်သို့ မသိမသာရောက်ရှိခဲ့ပြီး နိုင်ငံ၏ လွတ်လပ်ရေးကို ဆုံးရှုံးခဲ့ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်များနှင့် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၀)ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း သိရသည်။                                                                           

၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လူပုဂ္ဂိုလ်ဦးစားပေး၍ ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံအတွက် မဖြစ်သင့်သည့် ကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ကြောင်း၊ ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းတွင် နိုင်ငံ၏အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာများတွင် ပြည်ပနိုင်ငံများ၏ အကြံဉာဏ်များကိုခံယူ၍ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပြီး ပြည်ပနိုင်ငံများ၏ ဩဇာအောက်သို့ မသိမသာ ရောက်ရှိနေခြင်းသည် နိုင်ငံ၏ လွတ်လပ်ရေးကို ဆုံးရှုံးခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြည်သူ့စစ်တပ်ဖွဲ့များကို စည်းရုံးပြောဆိုသည်။

ထို့အပြင် နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ သဟဇာတဖြစ်နေရန်လိုအပ်သော်လည်း ဩဇာခံဖြစ်၍မရကြောင်းနှင့် နိုင်ငံအနေဖြင့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုပြီး နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းနေကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်ကပြောသည်။

အိမ်နီးနားချင်းနိုင်ငံများနှင့်လည်း သဟဇာတဖြစ်သည့် ဆက်ဆံမှုရှိရန်လိုပြီး ပြဌာန်းထားသည့် ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခြားနိုင်ငံများ၏ ဥပဒေများကို လေးစားရန်လိုကာ နိုင်ငံ၏ တည်ဆဲဥပဒေကို လိုက်နာရန်နှင့် တန်ဖိုးထားရန်လိုကြောင်း စစ်ခေါင်းဆောင်က ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင်လည်း ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်သည်သာလျှင် အသင့်တော်ဆုံးဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တိုင်းရင်းသားတို့၏ အရေးကိုသာ တောင်းဆိုကာ ဒေသအရေးကို တောင်းဆိုမှုအားနည်းသည်ဟု ဆိုသည်။

လူတစ်စုကို ကိုယ်စားပြုသည့်အဖွဲ့အစည်းများဖြစ်၍မရဘဲ ဒေသကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများ ဖြစ်ရန်လိုကာ စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)အပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည်သွားမည်ဟုလည်း ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့်လည်း နယ်မြေဒေသအလိုက် တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်လာနိုင်ရေး ဝိုင်းဝန်းတိုက်တွန်းကြရန်လိုသည်ဟုလည်း ပြောဆိုသည်။

စစ်ခေါင်းဆောင်သည် နမ့်ခမ်းမြို့မပြည်သူ့စစ်ခေါင်းဆောင် ဦးအိုက်ဆမ်၊ ပန်ဆေးပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်၊ မန်ပန်ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်း၊ စိန်ကြော့ပြည်သူ့စစ်ခေါင်းဆောင် ဦးလွယ်မောင်၊ မုံးစီးပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်းနှင့် ထင်ပါကျိုင်းပြည်သူ့စစ်ခေါင်းဆောင် ဦးခင်မောင်လွင်တို့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency