လားရှိုးတွင် ယာဉ်တိုက်မှုဖြင့် သိမ်းဆည်းခံထားရသည့် ယာဉ်အတွင်းမှ မူးယစ်ဆေးဝါးများ တွေ့ရှိ

လားရှိုးတွင် ယာဉ်တိုက်မှုဖြင့် သိမ်းဆည်းခံထားရသည့် ယာဉ်အတွင်းမှ မူးယစ်ဆေးဝါးများ တွေ့ရှိ
နိုဝင်ဘာ 19, 2019
By Tachileik News Agency

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ယာဉ်တိုက်မှုဖြင့် သိမ်းဆည်းထားသည့် သက်သေခံ မော်တော်ယာဉ် အတွင်းမှ ဘိန်းဖြူအလေးချိန် (၂.၁၆၇) ကီလိုကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၈)ရက်နေ့တွင် စစ်ဆေးတွေ့ရှိရသဖြင့် တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေသည်ဟု သိရသည်။

လားရှိုးမြို့မရဲစခန်းတွင် ယာဉ် (ပ) ၃၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၂၀၂ အမှုမှ သိမ်းဆည်းထားသော သက်သေခံ မော်တော်ယာဉ်တွင် မူးယစ်ဆေးဝါးများပါရှိကြောင်း မသင်္ကာ၍ ပူးပေါင်းစစ်ဆေးပေးပါရန် အကြောင်းကြားချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နိုဝင်ဘာလ (၁၈) ရက်နေ့ နံနက် (၁၀)နာရီကျော်က သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကားဝပ်ရှော့ဆရာ အကူအညီဖြင့် မော်တော်ယာဉ်ကို စစ်ဆေးရာ မော်တော်ယာဉ်ပေါ်တွင် အံဝှက်ပြုလုပ် သိုဝှက်ထားသော ရောင်စုံဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် စုစုပေါင်းဘိန်းဖြူအလေးချိန် (၂.၁၆၇) ကီလိုကို သိမ်းဆည်းရမိခြင်းဖြစ်သည်ဟု  သိရသည်။

လားရှိုးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်လှစ်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Tachileik News Agency

ဆက်စပ်သတင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net