တန့်ယန်းမြို့တွင် စစ်တပ်က လုံခြုံရေးယူထားပေးသည့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် နွေဦးတော်လှန်ရေးကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဗုံးပေါက်ကွဲ

တန့်ယန်းမြို့တွင် စစ်တပ်က လုံခြုံရေးယူထားပေးသည့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် နွေဦးတော်လှန်ရေးကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဗုံးပေါက်ကွဲ
ဇွန် 2, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် နွေဦးတော်လှန်ရေးကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဗုံးပေါက်ကွဲမှု မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ယနေ့ ဇွန်လ(၂)ရက်နေ့ နံနက်(၄)နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း နှင့် ဗုံးကွဲမှုဖြစ်ပွားသည့် မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေးယူထားသည့်  စစ်သားများရှိနေကြောင်း သိရသည်။

ဒီအရေးအခင်းကာလ မှာ ပထမဆုံးကွဲတာ၊ ဘဏ်ထဲမှာက စစ်သားတွေ လုံခြုံရေးအမြဲချထားတယ်။ ဘယ်အဖွဲ့လုပ်တယ်ဆိုတာတော့ မသိဘူး။ ဒေသခံတွေအထင်ကတော့  သူတို့ဟာသူတို့ ပြန်လုပ်တာလို့ သံသယဝင်နေကြတယ်။

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နိုင်ငံ့အာဏာကို စစ်တပ်က သိမ်းလိုက်ပြီးနောက် တန့်ယန်းမြို့တွင် စစ်အာဏာရှင်ကိုအလိုမရှိသည့် ဒေသခံပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို  လုပ်ဆောင်နေကြရာ အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးမှုများ စောင့်ကြည့်မှုများကြောင့် ရပ်နားခဲ့ရကြောင်းလည်း သိရသည်။