တာချီလိတ်တွင် ခြေတစ်ဖက် ကျိုးကြေသည်အထိ တိုက်မိကာ ထွက်ပြေးသည့် မော်တော်ယာဉ်အား ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်နေ

တာချီလိတ်တွင် ခြေတစ်ဖက် ကျိုးကြေသည်အထိ တိုက်မိကာ ထွက်ပြေးသည့် မော်တော်ယာဉ်အား ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်နေ
နိုဝင်ဘာ 19, 2019
By Tachileik News Agency
တာချီလိတ်တွင် ခြေတစ်ဖက် ကျိုးကြေသည်အထိ တိုက်မိကာ ထွက်ပြေးသည့် မော်တော်ယာဉ်အား ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်နေ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့က ဆိုင်ကယ်တစ်စီးကို မျက်နှာချင်းဆိုင်ဝင်တိုက်ကာ ထွက်ပြေးတိမ်းရှောင်နေသည့် မော်တော်ယာဉ်နှင့် ယာဉ်မောင်းအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေဆဲဖြစ်ပြီး ခြေထောက်ကျိုးကြေသွားသည့် ဆိုင်ကယ်မောင်းနှင်သူမှာ ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

“အမှုဖွင့်ထားပြီးပါပြီ။ စီစီတီဗီမှတ်တမ်းလည်း ရထားတဲ့အတွက် ထွက်ပြေးယာဉ်ကို ဖမ်းဆီးရမိရေး ဆောင်ရွက် နေပါတယ်”ဟု အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်) တပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်မင်းသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ (၁၉)ရက်နေ့တွင် ပြောသည်။

ဆိုင်ကယ်ကို တိုက်မိထွက်ပြေးသွားသည့် မော်တော်ယာဉ်မှာ HR-V ၂၀၁၃ အဖြူရောင် မော်တော်ယာဉ် အမျိုးအစားဖြစ်ကြောင်း နှင့် အဆိုပါ ယာဉ်သည် ဆေးရုံဟောင်းလမ်းကြားဖက်သို့ ကွေ့ဝင်သွားသည်ကို တွေ့မြင်ရကြောင်း မျက်မြင်တွေ့ရသူများထံမှ သိရသည်။

မကာဟိုခမ်းရပ်ကွက်၊ အထက(တာချီလိတ်)ကျောင်းရှေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် နိုဝင်ဘာလ (၁၇)ရက်နေ့ အကူး နံနက် (၁)နာရီမထိုးမီအချိန်၌ အသက် (၂၅)နှစ်အရွယ် ကိုအောင်နိုင်စိုး မောင်းနှင်လာသည့် ဆိုင်ကယ်ကို မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် HR-V အဖြူရောင်မော်တော်ယာဉ်က ဝင်တိုက်မိပြီးနောက် မော်တော်ယာဉ်ကို မရပ်တန့်ဘဲ ထွက်ပြေးမောင်းနှင်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် ကိုအောင်နိုင်စိုးမှာ ညာဘက်ခြေသလုံးကျိုးကြေကာ ဒဏ်ရာအပြင်းအထန်ရသွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသွားသူကို ကူညီပေးရန် တာချီလိတ်နာရေးကူညီမှုအသင်းသို့ နိုဝင်ဘာလ (၁၆)ရက်နေ့ည (၁၂)နာရီခွဲဝန်းကျင်တွင် ဖုန်းဆက်အကူအညီတောင်းလာ၍ ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ ဖုန်းဆက်အကြောင်းကြားကာ ဒဏ်ရာရလူနာကို တာချီလိတ်နာရေးကူညီမှုအသင်းမှ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးနောက်  ကိုအောင်နိုင်စိုးမှာ ဒဏ်ရာပြင်းထန်သဖြင့် နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက် (၃)နာရီဝန်းကျင်တွင် ဆက်လက်၍ ထိုင်းနိုင်ငံဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးလိုက်ရကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကို တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၄၀/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၈/၂၀၂ ဖြင့် အမှုဖွင့်ထားကာ ထွက်ပြေးသွားသူကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net