တာချီလိတ်မြို့တွင် မူကြိုကနေ ကလေးကြိုပြီး ပြန်လာစဉ် လမ်း၌ ဓါးဖြင့် အသက်အန္တရာယ် ခြိမ်းခြောက်ကာ ဆိုင်ကယ် လုယက်ခံရ

တာချီလိတ်မြို့တွင် မူကြိုကနေ ကလေးကြိုပြီး ပြန်လာစဉ် လမ်း၌ ဓါးဖြင့် အသက်အန္တရာယ် ခြိမ်းခြောက်ကာ ဆိုင်ကယ် လုယက်ခံရ
အောက်တိုဘာ 14, 2023 | မှုခင်းသတင်း| ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် မူကြိုကနေ ကလေးကို ကြိုပြီး ပြန်လာစဉ် ကလေးအား ဓါးဖြင့် ထောက်ထားပြီး အသက်အန္တရာယ် ခြိမ်းခြောက်ကာ ဆိုင်ကယ် လုယူသွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"မူကြိုကနေ ကြိုပြီး  PCX နဲ့ ဦးအာဖာကွင်း( မြေနီကွင်း )ကနေ ဖြတ်ပြန်တာကို လူနှစ်ယောက်က ဓါးထောက်ပြီး ဆိုင်ကယ်နဲ့ ပိုက်ဆံအိတ်ကို လုတယ်။ PCX ဆိုင်ကယ် သော့ တောင်းတယ်။ သော့တောင်းတော့ ကလေးကို ဓါးနဲ့ထောက်ထားတယ်။ သော့ မပေးရင် ကလေးကို ဓါးနဲ့ထိုးမယ်ဆိုပြီး လုပ်လို့ ဆိုင်ကယ်သော့ပေးလိုက်ရတယ်လို့ သိရတယ်"ဟု ကာယကံရှင်နှင့် နီးစပ်သူ တစ်ဦးက Tachileik News Agency ကို ပြောပြသည်။

ယင်းဖြစ်စဉ်မှာ ၂၀၂၃ခုနှစ် အောက်တိုဘာလ(၁၃)ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက်(၄)နှစ်အရွယ် မူကြို ကလေးငယ်ကို ဆိုင်ကယ်ဖြင့် သွားရောက်ကြိုပြီး အပြန် ဦးအားဖာကွင်း ဟု ဒေသခံများ သိကြသည့် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်မှ ပါဆတ်၊ဆေခမ်းရပ်ကွက်သို့ သွားရာလမ်းတွင် ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

"တာချီလိတ်မှာတော့ နေ့စဉ် နီးပါးပဲ အခုလို ဖြစ်နေတာ။ ရဲသွားတိုင်လည်း ဘာမှမထူးဘူးဆိုတာ သိနေတော့ ဘယ်သူမှလည်း ရဲကို အားကိုးချင်စိတ် မရှိကြတော့ဘူး အဲ့တော့ သွားမတိုင်ကြတော့တာလည်း ပါတာပေါ့။ တနေ့ကလည်း အာခါဈေးနားက အမျိုးသမီးတစ်ဦး ဆိုင်ကယ် လုခံရသလို။ ညကလည်း ဆန်ဆိုင်းရပ်ကွက်ထဲမှာ အသိကောင်မလေးတစ်ယောက် အလုပ်က ပြန်လာချိန် ဓါးနဲ့ထောက်ပြီး ဆိုင်ကယ် လုခံရတယ်။"ဟု ဒေသခံ တစ်ဦးက ပြောပြသည်။

တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးမှုများမှာ နေ့စဉ်ဖြစ်ပွားနေလျှက်ရှိသလို ယခုလို အသက်အန္တရာယ်ခြိမ်းခြောက်ပြီး လုယူသည့် ဖြစ်စဉ်များ  နေ့စဉ် နီးပါး ကြားနေရသော်လည်း  ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)အပါအဝင် တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့တို့မှာ ဒေသခံများ၏ အကူအညီမဲ့နေမှုများကို လစ်လျူရှူထားသလို ဖြစ်နေကြောင်း မြို့မိမြို့ဖတစ်ဦးက ဆိုသည်။

"တာချီလိတ်က ရဲတွေ အလုပ် မလုပ်ဘူးဆိုရင် သူ့အထက် ဌာနဖြစ်တဲ့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)ရုံးက အောက်ခြေကို ဖိဖိစီးစီး ညွှန်ကြားရမှာ အခုက အထက်ဌာနကလည်း အလုပ် မလုပ်သလို အောက်ဌာနကလည်း လောင်းကစားတွေ၊ KTV တွေကနေပဲ လိုင်းကြေးယူပြီး မှိန်းနေကြတယ်။ ဒေသခံတွေရဲ့ အကျိုးစီးပွားနဲ့ ဘေးကင်းလုံခြုံရေးကို ထည့်မစဉ်းစားပေးသလို ဖြစ်နေတာကို ကျွန်တော်တို့ တွေ့နေရတယ်။ ဒီချိန်မှာ အရင်လို အကြံပြုပြောဆိုဖို့ကလည်း မလွယ်တော့ဘူး"ဟု အမည်မဖော်လိုသည့် မြို့မိမြို့ဖ တစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၁၄)ရက်နေ့တွင် ပြောသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဆိုင်ကယ်လုယက်သည့် ဖြစ်စဉ်များနေ့စဉ် ဖြစ်ပွားနေလျက်ရှိသည်မှာ  ဆိုင်ကယ် Taxi မောင်းသူများပင်လျှင် အသက်အန္တရာယ်ခြိမ်းခြောက်ခံရပြီး ဆိုင်ကယ်လုခံရမှုများနှင့် ဆိုင်ကယ်လုယူရန် ကြိုးပမ်းမှုများ ကြုံတွေ့နေရကြောင်း သိရသည်။