တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး လုံခြုံရေးအတွက် ပြည်သူပိုင်လမ်းများကို ပိတ်ထား၍ လမ်းကြားတွေကနေ သွားလာနေရ

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး လုံခြုံရေးအတွက် ပြည်သူပိုင်လမ်းများကို ပိတ်ထား၍ လမ်းကြားတွေကနေ သွားလာနေရ
ဇွန် 11, 2021 | ရှမ်းရှေ့

ဗုံးခွဲခံရသည့်အပြင် ကျည်အတွဲလိုက်ပါ ပစ်ခတ်ခံရ၍ သေဆုံးမှုအထိပါ ရှိခဲ့သည့် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို အထူးလုံခြုံရေးအနေဖြင့် ပြည်သူပိုင်လမ်းအား ပိတ်ထားသည့်အတွက် တာချီလိတ်မြို့တွင်းသွားလာသူများမှာ အမှတ်(၂)ချစ်ကြည်ရေး လမ်းကြားနှင့် KBZ Bank ခွဲ (၂) လမ်းကြားတို့ကနေ   သွားနေရကြောင်း သိရသည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးကို စစ်တပ်နှင့်ရဲအပြင် ဒေသအာဏာပိုင်များက လွဲ၍ သွားလာခွင့် ပိတ်ပင်ထားပြီး ရန်အောင်မြေဘက်မှ လာသည့် ယာဉ်များအနေဖြင့် မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂)တံတားသို့ သွားရာ လမ်းနှင့် KBZ Bank ခွဲ (၂) လမ်းကြားကနေသာ သွားလာနိုင်မည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများမှာ သွားလာရ အဆင်မပြေမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

အခု အဓိက လမ်းပိတ်ထားတာကလည်း ခရိုင်ရဲရုံး ဝန်းကျင်နားတွေပဲ။ ပြည့်သူ လုံခြုံရေးအတွက်လား သူတို့ လူတစ်စုစာအတွက် လုံခြုံရေးအတွက်လား ဆိုတာ စဉ်းစားစရာပဲ။ ဟိုနေ့က ပစ်ခတ်မှု မဖြစ်ခင်ကတည်းက ညပိုင်းတွေ အဲ့ဒီလမ်းကို ပိတ်ထားတာကြာပါပြီ။ အခုလည်း ပစ်ခတ်မှုဖြစ်ပြီးနောက် သူတို့ရုံး လုံခြုံရေးအတွက် လမ်းပိတ်ထားတော့ ကျွန်တော်တို့ ကွေ့ပတ်သွားနေရတာ ကြာလာတော့ အဆင်မပြေဘူးဗျ၊ ဒီလမ်းတွေက ပြည်သူပိုင်လမ်းလား၊ ရဲပိုင်တဲ့လမ်းလား

ဟု ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့ကို ဖြတ်သန်းသွားလာနိုင်ခြင်းမရှိရန်အတွက် မယ်ခေါင်ဘုန်းကြီးကျောင်းကနေ KBZ Bank ခွဲ(၂)လမ်းအနီးထိ အပြင်၊ အိမ်တွင်းမှုလမ်းကြားတွင် ထိပ်နှစ်ထိပ်ကို ပိတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

အိမ်တွင်းမှုလမ်းရဲ့ ဒီဖက်တစ်ဖက်ကိုတော့ ဒီနေ့ နေ့လည်(၁)နာရီကျော်လောက်မှာ ပိတ်ထားတာ။ ရဲတွေလည်း ယူနီဖောင်းမဝတ်ဘဲ အရပ်ဝတ်နဲ့ ကျည်ကာဝတ်ထားတာတွေလည်း တွေ့တယ်။ ဘာကို ကြောက်နေလဲတော့မသိဘူး။ အာဏာစသိမ်းခံရတုန်းက ပြည်သူတွေကို ၅၀၅ နဲ့ ခြိမ်းခြောက်တယ် အခုတော့ သူတို့လည်း ချက်ချင်း ဝဋ်လည်တာပဲဗျာ။ အခုလို လမ်းပိတ်ထားတော့ ကျွန်တော်တို့ကတော့ လမ်းကကျဉ်းပါတယ်ဆို ကွေ့ပတ်သွားနေရတား

ဟု ဆေးခမ်းရပ်ကွက်အတွင်းနေထိုင်သူ တစ်ဦးက ပြောသည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား ၂၀၂၁ခုနှစ် ဇွန်လ(၉)ရက်နေ့ ညပိုင်းက ဗုံးခွဲပြီး ကျည်အတွဲလိုက်ပါ ပစ်ခတ်ခံရမှုကြောင့် ကင်းစောင့်နေသည့် ရဲတပ်ဖွဲ့ဝင် (၃)ဦးအနက် အသက်(၅၆)နှစ်ရှိ ရဲတပ်ကြပ်ကြီးကျော်စွာအောင် ထိမှန်သွားပြီး သေဆုံးသွားခဲ့သည့်အတွက် လတ်တလောတွင် ပစ်ခတ်သွားသည့် အမည်မသိ အဖွဲ့အား တာချီလိတ်မြို့မရဲစခန်တွင် ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး အထူးစုံစမ်းမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။