တောင်းရမ်းသူ ကလေးသူငယ်တွေရဲ့ နောက်ကွယ်

တောင်းရမ်းသူ ကလေးသူငယ်တွေရဲ့ နောက်ကွယ်
စက်တင်ဘာ 2, 2019
By Tachileik News Agency
တောင်းရမ်းသူ ကလေးသူငယ်တွေရဲ့ နောက်ကွယ်
လူတွေရဲ့စိတ်မှာ သနားကြင်နာမှုတွေနဲ့ အခြေခံပြီး နေ့စဉ်နေ့တိုင်း သွားလာလှုပ်ရှားနကြေတယ်ဆိုတာကို ငြင်းပယ်လို့ရနိုင်မယ် မဟုတ်ပါဘူး။

မယုံရင် မိတ်ဆွေရဲ့စိတ်ကို ပြန်ဆန်းစစ်ကြည့်ပါ။ အနည်းနဲ့အများတော့ သနားကြင်နာမှုစိတ်လေးတွေကို တွေ့မြင်ရမှာပါ။

ဒါကြောင့်လည်း လူတွေရဲ့ သနားကြင်နာစိတ်ကို အခြေခံပြီးတော့ တောင်းရမ်းစားသောက်သူတွေကိုလည်း နေရာဒေသအသီးသီးမှာ တွေ့နကြေရတာပါ။

မြန်မာ - ထိုင်း နယ်စပ်ဒေသ၊ တာချီလိတ်မြို့မှာလည်း တောင်းရမ်းစားသောက်သူ ကလေးတွေ အပါအဝင် လူကြီး လူငယ် လူလတ်ပိုင်းတွေအထိ လမ်းဆုံ မီးပွိုင့်တွေ၊ ညပိုင်း အကင်ဆိုင်တွေ၊ မိုးလင်းပေါက်ဆိုင်တွေရဲ့ အရှေ့မှာ သူတို့တွေ ရှိနေတတ်ကြပါတယ်။

တောင်းရမ်းသူ အရွယ်စုံရှိပေမဲ့ အများစုက ကလေးတွေကို တောင်းရမ်းခိုင်းတာ၊ ငယ်လွန်းသေးတဲ့ ကလေးငယ်လေးတွေကို ပြပြီး တောင်းရမ်းတာကို နေ့ရော၊ ညပါ အများဆုံးတွေ့နေရတော့ ဒီကလေးတွေရဲ့ အနာဂတ်ဆိုတာကိုဟာ မသေချာတဲ့ မနက်ဖြန်ပါ။

တစ်နေ့သား ညပိုင်းပမှာ တာချီလိတ်မြို့ ချစ်ကြည်ရေး အမှတ်(၂)တံတားထိပ်က အကင်ဆိုင်တစ်ဆိုင်မှာ ထိုင်နေတုန်း အသက်(၆)နှစ်ကျော်လောက်ရှိတဲ့ ကောင်လေးတစ်ယောက် ကျွန်တော့်အနား ရောက်လာတာကို တွေ့ရပါတယ်။

သူက အကင်ဆိုင်က အကင်တွေကို ကိုင်ကြည့် တို့ထိကြည့်နေတာမို့ ဒီကလေး အကင်စားချင်တာဖြစ်မယ် ယူဆပြီး ကျွန်တော်စားနေတဲ့ အကင်ထဲက အကင်တစ်ချောင်းကို လှမ်းပေးလိုက်ပါတယ်။

ကလေးက ပျော်ပြီး ယူစားသွားမယ်လို့ ထင်လိုက်ပေမဲ့ ကလေးက ငြင်းလိုက်ပါတယ်။

"အကင်မယူဘူး ပိုက်ဆံပဲ ယူမယ်"ဆိုပြီး သူ့ရဲ့ အသံကို ကြားလိုက်ချိန်ဟာ အံ့အားသင့်ခဲ့ရပါတယ်။

အကင်ပေးတာကို မယူဘဲ ပိုက်ဆံပဲ ယူမယ်လို့ ပြောတာဟာ အကြောင်းတော့ရှိရမယ် တွေးမိပြီး သူ့ကို စကားပြောကြည့်ခဲ့ပါတယ်။

"အကင်ပေးတာ ဘာလို့ မယူတာလဲ"

"အမေက ဘာမှမယူခိုင်းဘူး။ ပိုက်ဆံပဲ တောင်းခိုင်းတယ်"လို့ မရဲတရဲ ပြန်ဖြေလာပါတယ်။

"ပိုက်ဆံမယူဘဲ စားစရာပဲယူရင် အမေက ရိုက်လို့လား"လို့ သူ့ကိုထပ်မေးလိုက်တော့ ကောင်လေးက "အင်း"ဆိုပြီး ဖြေလာပါတယ်။

ဒါဆိုရင် ဘယ်လောက်ပေးရမလဲလို့ မေးလိုက်တော့ "(၁၀)ဘတ်"တဲ့။

အစားမြင်ရင် စားချင်တတ်တဲ့ ဒီအရွယ်ကလေးကို သူ့မိဘဖြစ်သူက "နင် သွားတောင်းရင် ငွေက လွဲရင် ကျန်တာမယူလာခဲ့နဲ့ စားစရာပေးလာရင်လည်း ပိုက်ဆံပဲ ယူမယ်လို့ပြော"ဆိုပြီးများ ကြိမ်းမောင်း ပြောဆိုလိုက်လေသလားဆိုပြီး တွေးမိလာပါတယ်။

လူတွေရဲ့ သနားကြင်နာမှုက ကလေးသူငယ်တွေအပေါ် အခြေခံမှန်းသိတဲ့ တောင်းရမ်းစားသောက်သူတွေက သူတို့ကိုယ်တိုင် မတောင်းဘဲ ကလေးတွေကို အသုံးချလာတာလို့ ကျွန်တော် သုံးသပ်မိပါတယ်။

ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ရက်သတ္တပတ်ကပဲ တာချီလိတ်မှာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အစည်းအဝေးတွေ ပြုလုပ်ပြီး ဆွေးနွေးခဲ့ကြသလို ကလေးတွေရဲ့ နောက်ကွယ်ကနေ တောင်းခိုင်းသူတွေကို ဖော်ထုတ်ပြီးတော့ အရေးယူမယ်ဆိုတာတွေ၊ တောင်းရမ်းစားသောက်သူ ကလေးသူငယ်တွေ ပပျောက်ရေး ဆိုတာတွေ ဆောင်ရွက်မယ်ဆိုပြီး မီဒီယာတွေကို ပြောကြားထားတာတွေလည်း ရှိခဲ့ပါတယ်။

တာချီလိတ်မြို့ရဲ့ မီးပွိုင့်တွေ၊ လမ်းဆုံတွေနဲ့ ညပိုင်း စားသောက်ဆိုင်တွေမှာ ကလေးတွေဟာ ယခင်အတိုင်း လိုက်လံ တောင်းရမ်းနကြေတာတွေကို ဒီဆောင်းပါးရေးနေချိန်ဖြစ်တဲ့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၂)ရက်နေ့အထိ တွေ့နေရဆဲ ဖြစ်ပါတယ်။

ကလေးသူငယ်အခွင့်အရေးကာကွယ်ရေးဥပဒေမှာတော့ ကလေးငယ်များအား တောင်းရမ်းရန် စေခိုင်းသူ၊ တားမြစ်ရန် ပျက်ကွက်သူများအား အနည်းဆုံး ထောင်ဒဏ် (၆)လမှ (၃)နှစ်အထိလည်းကောင်း၊ ငွေဒဏ် ကျပ် (၆)သိန်းမှ (၁၂)သိန်းအထိ လည်းကောင်း၊ ဒဏ်နှစ်ရပ်လုံးကိုလည်းကောင်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ ပြဋ္ဌာန်းနိုင်ခဲ့တဲ့ ဒီကလေးသူငယ်အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေက လူကြီးတွေ အသုံးချခံဖြစ်နေရတဲ့ အနာဂတ်မဲ့ကလေးတွေအတွက် အကာအကွယ်ဖြစ်လာဖို့ မျှော်လင့်မိပါတယ်။

ဆောင်းပါးရှင် - #ကိုဇောင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net