ကျိုင်းတုံမြို့တွင် စစ်တပ်က အကြောင်းမဲ့ (၂၆)ရက်အကြာ ဖမ်းဆီးထိန်းသိမ်း ထားသည့် (၄)ဦးကို ယနေ့ ပြန်လွတ် 

ကျိုင်းတုံမြို့တွင် စစ်တပ်က အကြောင်းမဲ့ (၂၆)ရက်အကြာ ဖမ်းဆီးထိန်းသိမ်း ထားသည့် (၄)ဦးကို ယနေ့ ပြန်လွတ် 
ဖေဖော်ဝါရီ 26, 2021 | ရှမ်းရှေ့

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖေါ်၀ါရီလ (၂၆) ရက်နေ့အထိ ကာလအတွင်း  ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ ဖမ်းဆီးခံရသူ (၁၇) ဦးအနက် (၆) ဦးမြောက်အဖြစ် (၄)ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။



“ကျွန်တော်တို့ကို (၁) ရက်နေ့ကတည်းက ဖမ်းထားတာ။ ဘာကြောင့်ဖမ်းတာလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ ပြောလည်းမပြောဘူး။ ထားတာကတော့ တစ်‌ယောက်ဆီကို တပ်ရင်းတစ်ခုစီမှာခွဲထားတာ။ ဖုန်းလည်းမသုံးရတော့ ဒီ (၂၆) ရက်လုံး ဘာတွေဖြစ်နေလဲ မသိဘူး။ “ဟု ပြန်လွတ်လာသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် ပြောသည်။



ကျိုင်းတုံမြို့မှ ဖမ်းဆီးခံရသူများအနက် တပ်တွင်ခေါ်ယူ ထိန်းသိမ်းခံထားရသည့်  ဦးလုံခမ်း၊ ဒေါ်နီလာ၀င်း၊ ဦးသီဟ နှင့် ဦးမင်းလွင်တို့ (၂၆) ရက်အကြာတွင် လွတ်မြောက်လာပြီဖြစ်ပြီး နန်းရှဲန်လာ (ခ) မီဆော၊ မချော (ခ) ‌‌ဒေါ်ခင်မမလှိုင်၊ ဦးမြင့်စိုး၊ ဦးမိုးအောင်၊ စိုင်း၀န်းတစ်၊ မမိုးမိုးနှင့် မအားဘိုတို့ကို သဘာ၀ဘေးစီမံခန့်ခွဲမှုဥပ‌ဒဖြင့် အမှုဖွင့်ထားကာ မောင်ဂျူးလီ၊  နန်းခမ်းဖူးမြတ်နှင့် မယွန်းလဲ့နန္ဒာတို့အား ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားကြောင်း  သိရသည်။



ဖမ်းဆီးခံထားရသည့် (၁၇)ဦးအနက် မနန်းဟွမ်ဖောင်း နှင့် မောင်လွမ်းကျော်တို့မှာ ပထမဆုံးအဖြစ် ပြန်လွှတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။ 

ဖမ်းဆီးခံထားရသူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးနိုင်ဦးနှင့်ပတ်သက်၍ မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရသေးသည့်အပြင် အခြား ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င်များ ထိန်းသိမ်းခံရခြင်းနှင့်ပတ်သက်၍ အတည်ပြုနိုင်ခြင်းမရှိသေးပါ။

တာချီလိတ်မြို့ နှင့် ကျိုင်းတုံမြို့တို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ရှားမှုများ ဆောင်ရွက်ရင်း စစ်တပ်၏ မတရားဖမ်းဆီးမှုကို ခံရပါက အခမဲ့ရှေ့နေလိုက်ပေးနိုင်ရန် တာချီလိတ်မြို့တွင် ရှေ့နေအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားသည့်အတွက်  ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များအနေဖြင့် မြန်မာဖုန်း -  09-257239947  နှင့် ထိုင်းဖုန်း 0614260315 သို့ ဆက်သွယ်၍  အကြောင်းကြားကာ အကူအညီတောင်းခံနိုင်မည်ဖြစ်ကြောင်း သိရသည်။



Tachileik News Agency