မယ်ဆိုင်ဘက် ယာဉ်အဝင်ကန့်သတ်မည့် ကြေညာချက်ကြောင့် တာချီလိတ်မှ ကုန်တင်ယာဉ်မောင်းများ အခက်တွေ့

မယ်ဆိုင်ဘက် ယာဉ်အဝင်ကန့်သတ်မည့် ကြေညာချက်ကြောင့် တာချီလိတ်မှ ကုန်တင်ယာဉ်မောင်းများ အခက်တွေ့
စက်တင်ဘာ 16, 2020
By Tachileik News Agency
မယ်ဆိုင်ဘက် ယာဉ်အဝင်ကန့်သတ်မည့် ကြေညာချက်ကြောင့် တာချီလိတ်မှ ကုန်တင်ယာဉ်မောင်းများ အခက်တွေ့
တာချီလိတ် - မယ်ဆိုင်နယ်စပ်တွင် မြန်မာယာဉ်မောင်းများ၏ မော်တော်ယာဉ်များကို ထိုင်းဘက်က ယာဉ်မောင်း လဲလှယ်မောင်းနှင်စေမည့် အစီအစဉ်နှင့် ယာဉ်အစီးရေကန့်သတ်ခြင်းကြောင့် တာချီလိတ်ဘက်မှ ကုန်တင်ယာဉ်မောင်းများ အခက်အခဲဖြစ်မည့် အခြေအနေနှင့် ကြုံနေရကြောင်း သိရသည်။
“ကျွန်တော်တို့ကားတွေကို ဟိုဘက်ကမ်း ကျန်းမာရေးဌာနနားကို ထားခဲ့ပြီး ကျွန်တော်တို့က ဝင်ခွင့်မရှိဘူး။ အဲဒီကားကို ထိုင်းမောင်းချင်မောင်း ဒါမှမဟုတ် အဲဒီဘက်က မြန်မာမောင်းချင်မောင်းပေါ့နော်။ အဲဒီလိုဆိုရင် ကျွန်တော်တို့ကားကို ဘယ်သူက တာဝန်ခံမောင်းသွားမှာလဲဆိုတာရယ်၊ ဟိုဘက်ကမ်းက ကုန်သည်တွေက ပစ္စည်းထည့်ပေးမယ်ပေါ့နော်။ အဲဒီလိုဆိုရင် ကျွန်တော်တို့ အခုပစ္စည်းပို့တယ်ဆိုရင် တစ်ခေါက်ကို (၇၅၀)၊ (၈၀၀) ရတယ်။ ကျွန်တော်တို့ တံတားတစ်ဝက်ပဲ ဘာအလုပ်မှမလုပ်ဘဲ ဒီဘက်ကိုပြန်လာမယ်ဆို ဘယ်သူက (၇၅၀)၊ (၈၀၀) ပေးမှာတုန်း။ နောက် ဟိုဘက်က ပစ္စည်းထည့်ပေးတဲ့ အလုပ်သမားကိုရော လုပ်အားခက ဘယ်ကုန်သည်က ပေးမှာတုန်း။ အဲဒါတွေ အဆင်မပြေဘူးပေါ့နော်။”ဟု မယ်ဆိုင် - တာချီလိတ် ကုန်စည်ကူးသန်းနေသည့် ကုန်တင်ယာဉ်မောင်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၁၆)ရက်နေ့တွင် ပြောသည်။
COVID 19 ကာလအတွင်း တာချီလိတ် - မယ်ဆိုင်ကြား ကုန်စည်ပို့ဆောင်ရေးအတွက် ယာဉ်မောင်းတစ်ဦးစီဖြင့် ကုန်တင်ယာဉ်များဖြတ်သန်းခွင့်ပေးထားရာမှ စက်တင်ဘာလ (၁၇)ရက်နေ့မှစပြီး မြန်မာဘက်မှ မော်တော်ယာဉ်များကို တံတားအလယ် နယ်စပ်မျဉ်း၌ ယာဉ်မောင်းလဲလှယ် မောင်းနှင်ရမည့်အပြင် မော်တော်ယာဉ် အရေအတွက်ကိုလည်း ကန့်သတ်လိုက်ခြင်းဖြစ်သည်။
“နောက်တစ်ခုက အစီးရေ (၁၆၈) စီးပေါ့နော်။ သူတို့ဘက်က ကမ်းကူးစလစ်ထုတ်ပေးထားတာက ကားက (၂၀၀) ကျော်နေပြီ။ ကျွန်တော်တို့ အရင်တုန်းက တံတား (၁) ဖွင့်တုန်းက ကမ်းကူးစလစ်ကို တစ်စီးကို ဘတ် (၁၅၀၀၀) လောက်ပဲလုပ်ရတယ်။ အခုဟာက တစ်စီးကို ဘတ်(၄၀၀၀၀) ကျော်၊ (၅၀၀၀၀) ဟိုတလောက ပေးလိုက်ရတယ်။ ပွဲစားကပဲ ယူတာလား။ သူတို့ ယိုးဒယားဘက်ကမ်းကပဲ ယူသလားမသိဘူး။ အစီးရေအများကြီးကျော်လာပြီးတော့မှ အစီးရေ (၁၆၈)စီးပဲဖြတ်ခွင့်ပေးမယ်ဆိုတော့ အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်းလိုက်သလိုပဲလို့ ကျွန်တော်ကတော့ ခံစားရတယ်။ သူတို့ခွင့်ပြုတဲ့ (၁၆၈)စီးမှာ ဘယ်သူတွေပါတယ် မသိနိုင်ဘူး။ ဘယ်တော့ထုတ်ပြန်မှာတုန်း သူတို့က။ ကျွန်တော်တို့က ကားသွားဝင်ပါပြီတဲ့။ မင်းကားမပါဘူးဆိုရင် ဘယ်လိုလုပ်မတုန်း။"ဟု မယ်ဆိုင် - တာချီလိတ် ကုန်စည်ကူးသန်းနေသည့် ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။
တာချီလိတ်ဘက်မှ မယ်ဆိုင်ဘက်သို့ ကုန်သယ်မည့်မော်တော်ယာဉ်များအနေဖြင့် မော်တော်ယာဉ်ကမ်းကူးလက်မှတ် ပြုလုပ်ထားရပြီး လစဉ်ကြေးအဖြစ် ထိုင်းနံပါတ်ပြားတပ် မော်တော်ယာဉ်အား မြန်မာနိုင်ငံသား မောင်းနှင်ပါက တစ်လျှင် ဘတ် (၁၀၀၀) နှင့် မြန်မာနံပါတ်ပြားတပ် မော်တော်ယာဉ်များအနေဖြင့် တစ်လလျှင် ဘတ် (၅၀)မှ (၁၀၀) ပေးဆောင်ရခြင်းဖြစ်သည်။
မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)တွင် မြန်မာဘက်မှ မှန်လုံယာဉ်ငယ် နေ့စဉ် အစီးရေ (၆၀) ဝန်းကျင်ဖြင့် မယ်ဆိုင်ဘက်မှ အခြေခံ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို အဓိက သယ်ယူနေပြီး မယ်ဆိုင်ဘက်က ဆီဘောက်ဆာများ၊ တွဲကားများ နေ့စဉ်အစီးရေ (၁၀၀)ကျော်ဖြင့် တာချီလိတ်ဘက်သို့ ကုန်ပစ္စည်းများ တင်သွင်းနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~