လာအိုနိုင်ငံဘက်မှ ပြည်တော်ပြန် (၁၈၆) ဦး တာချီလိတ် ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် နေရပ်ပြန်ဝင်

လာအိုနိုင်ငံဘက်မှ ပြည်တော်ပြန် (၁၈၆) ဦး တာချီလိတ် ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် နေရပ်ပြန်ဝင်
ဇွန် 24, 2020
By 🌸
လာအိုနိုင်ငံဘက်မှ ပြည်တော်ပြန် (၁၈၆) ဦး တာချီလိတ် ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် နေရပ်ပြန်ဝင်

လာအိုနိုင်ငံမှ မြန်မာနိုင်ငံသား (၁၈၆) ဦး ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့၌ တာချီလိတ်မြို့နယ် ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ပြည်တော်ပြန်လာရာ တာချီလိတ်ဒေသခံ (၈) ဦးမှလွဲ၍ နေရပ်ဒေသအသီးသီးသို့ စီစဉ်ပေးထားသည့် မော်တော်ယာဉ်များဖြင့် နေရပ်ပြန်ပို့ထားပြီဖြစ်သည်။

“ကျွန်တော်တို့ လက်ခံရရှိတဲ့စာရင်းထဲမှာ တိုင်းနဲ့ပြည်နယ်အလိုက် စာရင်းတွေ ပါပါတယ်။ အဲဒီစာရင်းတွေကို ဒီနေ့ ပြန်လည်စိစစ်တဲ့အခါ (၂၃၃)ယောက်အပြည့်မဟုတ်တော့ဘဲ (၁၈၆) ယောက် ရောက်လာတယ်။ အဲဒီ (၁၈၆)ယောက်ကို ထပ်ပြီး စာရင်းစိစစ်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် သွားဖို့ တောင်ကြီးအထိ ကားတွေ စီစဉ်ပေးပါတယ်။ တောင်ကြီးကနေမှ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်ကို ဆက်သွားရမှာပါ။ အဲဒီလိုသွားနိုင်ဖို့ ကျွန်တော်တို့တွေက သက်ဆိုင်ရာ မော်တော်ယာဉ်လိုင်းပေါင်းစုံတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးထားပါတယ်”

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မှ ဒေသခံ (၈)ဦးကို မိုးကုတ်ဝိပဿနာ တရားရိပ်သာ၌ဖွင့်ထားသည့် quarantine center တွင် ထားပြီး နေရပ်ပြန်မည့်သူများကလည်း နေရပ်အသီးသီးတွင် (၂၁)ရက် quarantine ဝင်ကြရမည်ဖြစ်သည်။

မြန်မာ - လာအိုနယ်စပ်ဒေသ လာအိုနိုင်ငံ ဘိုကီယိုပြည်နယ် တုန်ဖိန်းမြို့နယ်အတွင်း အလုပ်သွားရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများထဲမှ ပြည်တော်ပြန်လိုသူများစာရင်းကို မေလအတွင်းက နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနချင်း ချိတ်ဆက်ညှိနှိုင်း လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ဘက်ကနေ ပြန်မယ်လို့ စာရင်းကောက်တာကနေ အခုပြန်လာတဲ့အထိကို တစ်လ၊ တစ်လခွဲလောက် ကြာတယ်လို့ ကျွန်တော်တို့ ခန့်မှန်းရပါတယ်။ အဲဒါကလည်း ဘာလို့လဲဆိုတော့ သက်ဆိုင်ရာ ဟိုဘက်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒီဘက်က နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံအချင်းချင်းဆက်သွယ်ပြီး ညှိနှိုင်းအကြောင်းကြားတဲ့အတွက် ဖြစ်ပါတယ်”

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။

လာအိုဘက်မှ ပြည်တော်ပြန်များအား တာချီလိတ်မှ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနဦးစီးသည့် တာဝန်ရှိသူများက လာအိုနိုင်ငံဘက်၌ သွားရောက်လက်ခံခဲ့ပြီးနောက် ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် နေရပ်အသီးသီးပြန်နိုင်ရေးအတွက် တာချီလိတ်ခရိုင်/မြို့နယ်စီမံခန့်ခွဲမှု ကော်မတီက သက်ဆိုင်ရာများ ဖြင့် ချိတ်ဆက်ကာ နေရပ်ပြန်ရန် ကားစီစဉ်ပေးခြင်း၊ လမ်းတွင် စားနိုင်ရန်အတွက် ထမင်းဗူးစီစဉ်ပေးခြင်း၊ ငွေလဲကောင်တာ စီစဉ်ခြင်း နှင့် ကျန်းမာရေးစစ်ပေးခြင်းများကို ဆောင်ရွက်ပေးခြင်းဖြစ်သည်။

COVID 19 ထိန်းချုပ်ရေးအတွက် မြန်မာ - လာအိုနယ်စပ်ကို ပိတ်ထားပြီးနောက် လာအိုနိုင်ငံဘက်မှ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသား(၁၃၁)ဦးကို ၂၀၂၀ ခုနှစ်၊ မေလ (၈)ရက်နေ့က တာချီလိတ်မြို့နယ်၊ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ပြည်တော်ပြန်လက်ခံထားခြင်းဖြစ်ပြီး ယခုတစ်ကြိမ်မှာ ဒုတိယမြောက်အကြိမ်ဖြစ်သည်။

 Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ -ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~