မိုင်းဖုန်းဆရာတော်၏ (၃)နှစ် (၃)လ (၃)ရက် ဂူတွင်း တရားကျင့်ကြံမှု ဇူလိုင်လ(၃၁)ရက်နေ့ အဓိဋ္ဌာန် ထွက်မည်

မိုင်းဖုန်းဆရာတော်၏ (၃)နှစ် (၃)လ (၃)ရက် ဂူတွင်း တရားကျင့်ကြံမှု ဇူလိုင်လ(၃၁)ရက်နေ့ အဓိဋ္ဌာန် ထွက်မည်
ဇွန် 22, 2022 | ရှမ်းရှေ့

 ဂူတွင်း (၃)နှစ် (၃)လ (၃)ရက် အဓိဋ္ဌာန်ဝင်နေသည့် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် ၂၀၂၂ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့တွင် ဂူတွင်းမှ အဓိဋ္ဌာန်ထွက်မည်ဖြစ်ကြောင်း တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း)မှ ဇွန်လ(၃၀)ရက်နေ့၏ အသိပေးထားချက်အရ သိရသည်။

မိုင်းဖုန်းဆရာတော်သည် ၂၀၂၂ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့တွင် ဂူအတွင်းမှ အဓိဋ္ဌာန်ထွက်မည်ဖြစ်ပြီး ဆရာတော်သည် မိုင်းကျက်အောက် ဂူတွင် ဩဂုတ်လ(၄)ရက်နေ့အထိ (၅)ရက်တိုင်တိုင် အပူဇော်ခံမည်ဖြစ်သည့်အတွက် မိုင်းကျက်ဂူသို့လည်း လာရောက်ပြီး ဖူးမြော်နိုင်ကြောင်း အသိပေးထားရှိသည်။

ဆက်လက်၍ ဩဂုတ်လ(၅)ရက်နေ့တွင် ဆရာတော်သည် မိုင်းကျက်မှ တဆင့် မိုင်းဆတ် - တာချီလိတ် ကားလမ်းအတိုင်း တာချီလိတ်သို့ ပြန်လည်ကြွရောက်မည်ဖြစ်ပြီး မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ မိုင်းဖုန်းဆရာတော်၏ ကျောင်းတိုက်ဖြစ်သည့် လွန်းလိန်းကျောင်းသို့ ကြွရောက်မည်ဖြစ်ရာ ဆရာတော်အား နှီးဘုရားကျောင်းသို့ ဘုရားဝတ်တက်ချိန်တွင်လည်း ဖူးနိုင်ကြောင်း သိရသည်။

မိုင်းဆတ်မှ တာချီလိတ်သို့ပြန်လည် ကြွချိန်တွင် အကယ်၍ မိုင်းဖုန်းဆရာတော်သည် တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရက်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ နဂါးနှစ်ကောင်ကျောင်းတိုက်သို့ ဝင်ရောက်ပြီး နဂါးနှစ်ကောင်ဆရာတော်အား ဝင်ဖူးပါက မိုင်းဖုန်းဆရာတော်ကို ဖူးနိုင်ကြောင်းလည်း အသိပေးထားရှိသည်။

မိုင်းဖုန်းဆရာတော်သည်  ၂၀၁၉ခုနှစ် ဧပြီလ(၂၈)ရက်နေ့က စပြီး မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်အတွင်း မိုင်းကျက်ရွာ၊ မဟာမုနိစုမ့်မိုင်း မိုင်းကျက်ဂူအတွင်း တရားကျင့် အဓိဌာန်ဝင်ခဲ့ပြီးနောက် ဇူလိုင်လ(၂၁)ရက်နေ့တွင်  အဓိဌာန်ထွက်မည်ဖြစ်သည်။

မိုင်းဖုန်းဆရာတော် အဓိဌာန်ထွက်သည့်အခါ တရားတော်ဟောကြားနိုင်ရန် နှင့် ဆရာတော် စံမြန်းနိုင်ရန် အပါအဝင် လာရောက်ဖူးမြော်လိုသူများ သွားရေး လာရေးအဆင်ပြေရေးအတွက်   ဆရာတော်၏ အကျိုးတော်ဆောင်များက လမ်းများ၊ အဆောက်အဦးများ၊ ကျောင်းကန်များ ဆောက်လုပ်နေသည့်အပြင် လမ်းတံတား(ချောင်းကြိုးတံတား)များလည်း စေတနာရှင်အလှူရှင်များ၏ လှူဒါန်းမှုများဖြင့် လုပ်ဆောင်နေလျှက်ရှိကြောင်းလည်း သိရသည်။

တည်နေရာ

မိုင်းဖုန်းဆရာတော်သည် ၂၀၂၂ခုနှစ် ဇန်နဝါရီလအတွင်းက သက်တော် (၅၈)နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။

 



#TachileikNewsAgency

Photo: Laung Noan, Maha Wong