တာချီလိတ်မြို့ရှိ   ရှမ်းရိုးမကုန်တိုက်ကို ငှားရမ်းသူလက်ထဲကနေ စစ်တပ်က သက်တမ်းမစေ့ဘဲ ပြန်သိမ်း၊ အမည်ခံလုပ်ငန်းရှင်တစ်ဦးကို လုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေဟု သတင်းထွက်

နွေဦးတော်လှန်ရေးကာလအတွင်းက ရှမ်းရိုးမကုန်တိုက်ရှေ့ မြင်ကွင်း
နွေဦးတော်လှန်ရေးကာလအတွင်းက ရှမ်းရိုးမကုန်တိုက်ရှေ့ မြင်ကွင်း
တာချီလိတ်မြို့ရှိ   ရှမ်းရိုးမကုန်တိုက်ကို ငှားရမ်းသူလက်ထဲကနေ စစ်တပ်က သက်တမ်းမစေ့ဘဲ ပြန်သိမ်း၊ အမည်ခံလုပ်ငန်းရှင်တစ်ဦးကို လုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေဟု သတင်းထွက်
ဖေဖော်ဝါရီ 7, 2022 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့လယ်ရှိ ရှမ်းရိုးမကုန်တိုက်ကို ငှားရမ်းသူလက်ထဲကနေ စစ်တပ်က သက်တမ်းမစေ့ဘဲ ပြန်သိမ်းလိုက်ပြီး စစ်တပ်နှင့်နီးစပ်သူ အမည်ခံလုပ်ငန်းရှင်တစ်ဦးကို ပေးရန်အတွက် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ရှမ်းရိုးမကုန်တိုက်နဲ့ ဆိုင်ခန်းကို စစ်တပ်က ပြန်သိမ်းသွားတယ်လို့ ကြားတယ်။ ရီဂျီးနားဟိုတယ်လုပ်ငန်းစုကနေ ငှားထားတဲ့ ဒီနေရာကို သက်တမ်းမပြည့်သေးဘဲနဲ့ အခု အာဏာသိမ်းပြီးတော့  ပြန်သိမ်းလိုက်တယ်။ ဒီနေရာကို တာချီလိတ်က စစ်တပ်နဲ့နီးစပ်လွန်းတဲ့ အမည်ခံလုပ်ငန်းရှင် တစ်ဦးကို လုပ်ခွင့်ပေးတယ်လို့တော့ ကြားတယ်။ ဟိုတယ်ဆောက်မယ်ဆိုလား။ ကာစီနိုအတွက် လုပ်မယ်ဆိုလား သေချာတော့ မသိဘူး။

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ရီဂျီးနားဂေါက်ကွင်းနှင့်အတူ ရှမ်းရိုးမကုန်တိုက်နေရာကို စစ်တပ်က ထိုင်းလုပ်ငန်းရှင်အား နှစ်(၃၀) အငှားချပေးထားခြင်းဖြစ်သည်ဟု သိရပြီး ယခုတွင် ငှားရမ်းမှု သက်တမ်း (၈)နှစ်ဝန်းကျင်အလို၌ အကြောင်းပြချက်မရှိဘဲ ပြန်သိမ်းလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။ 

ရှမ်းရိုးမကုန်တိုက်အတွင်းရှိ ပစ္စည်းများကို ၂၀၂၁ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့ အပြီး ရွှေ့ပြောင်းခိုင်းထားကြောင်းလည်း သိရသည်။

ရှမ်းရိုးမကုန်ကို ပိတ်ထားသည်မှာ ကြာပြီဖြစ်သော်လည်း ကုန်တိုက်၏ ဘေးတွင် ဆိုင်ခန်းငှားများ ဆောက်၍ ဆိုင်ခန်းငှားရပ်ထားခြင်းဖြစ်ရာ ယခုအခါမှာ စစ်တပ်က ပြန်လည်သိမ်းလိုက်ပြီဖြစ်သည့်အတွက် ဆိုင်ခန်းငှားများအတွက် ဇဝေဇဝါဖြစ်နေရကြောင်း သိရသည်။

စစ်တပ်က ပြန်သိမ်းလိုက်တယ်လို့ ကြားတယ်။ သူတို့ သိမ်းလိုက်ပြီဆိုတော့ ဆိုင်ခန်းတွေကို ဖျက်မှာလား၊ ဒီအတိုင်းထားမှာလားဆိုတာ မသိရသေးဘူး။ တလောတုန်းက ကုန်တိုက်တွေဘက်ကို လာတိုင်းတာတွေ တွေ့လိုက်တယ်။ ဘာဆောက်မလို့လည်းတော့မသိဘူး။ အဲ့ဒီတော့  ဆိုင်နေရာ ဖယ်ပေးရရင်တော့ တခြားနေရာရှာဖို့က ခက်မှာ။

ဟု ဆိုင်ခန်းငှားတစ်ဦးက ပြောသည်။

တာချီလိတ်မြို့၏ မြို့တော်ခန်းမအဖြစ် တည်ရှိနေသည့် အောင်မြတ်ခန်းမသည် မြို့အနေအထားနှင့် မသင့်လျော်တော့သည့်အတွက် ရှမ်းရိုးမကုန်တိုက်အား တာချီလိတ်မြို့၏ မြို့တော်ခန်းမအဖြစ် ပြောင်းလဲ ဆောက်လုပ် ဖွင့်လှစ်နိုင်ရန် ပြည်သူ့အစိုးရ NLD လက်ထက်က အစီအစဉ်များရှိခဲ့ပြီး ပြည်သူပိုင်အဖြစ် ကြိုးပမ်းနေစဉ်အတွင်းမှာ နိုင်ငံအား စစ်တပ်က သိမ်းလိုက်ပြီးနောက် ယခုအခါတွင် ရှမ်းရိုးမကုန်တိုက်ကို စစ်တပ်က ငှားရမ်းထားသူထံက အကြောင်းပြချက် မရှိဘဲ ပြန်လည်သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။