တာချီလိတ်မြို့တွင် အတည်ပြုလူနာ ထိုင်း အမျိုးသမီးတစ်ဦးနှင့် ထိတွေ့သည့် နောက်ထပ် အမျိုးသမီး (၂)ဦးတွင် Covid-19 ပိုးထပ်တွေ့၍ ဒေသတွင်း ကူးစက်ခံရသူ (၃)ဦးရှိ

တာချီလိတ်မြို့တွင် အတည်ပြုလူနာ ထိုင်း အမျိုးသမီးတစ်ဦးနှင့် ထိတွေ့သည့် နောက်ထပ် အမျိုးသမီး (၂)ဦးတွင် Covid-19 ပိုးထပ်တွေ့၍ ဒေသတွင်း ကူးစက်ခံရသူ (၃)ဦးရှိ
ဇွန် 28, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇွန်လ(၂၈)ရက်နေ့၌ တာချီလိတ်ဆေးရုံဟောင်း၌ လာရောက်စစ်ရာမှ Covid-19 ပိုးတွေ့ရသူ ထိုင်းအမျိုးသမီးနှင့်ပတ်သက်၍ ဟိုတယ်နှင့် မိုတယ်မှ နောက်ထပ် အမျိုးသမီး(၂)ဦးတွင် Covid-19 ထပ်မံတွေ့ရသည့်အတွက် တာချီလိတ်တွင် ဒေသတွင်း ကူးစက်မှု (၃)ဦးအထိ ရှိနေသည်။

လိုမာမှာ နေတဲ့ တစ်ယောက်က နေမကောင်းတော့ သူ့ကိုယ်သူ မသင်္ကာလို့ လာစစ်တယ်။ လာစစ်တော့ ပိုးတွေ့တယ်။ ပိုးတွေ့တော့ နောက်ကြောင်း ရာဇဝင်လိုက်တော့ သူက လိုမာ မှာ နေတာ။ လိုမာ မှာနေပြီးတော့ ရွှေရည်မြင့်မိုရ် မိုတယ်ရဲ့ Online Game မှာ အလုပ် လုပ်တာ။ ရွှေရည်မြင့်မိုရ်မှာ စစ်လိုက်တော့ တစ်ယောက်ထပ်တွေ့တယ်။ နောက်ပြီး သူနေတဲ့ လိုမာ ဟိုတယ်မှာ စစ်လိုက်တော့ တစ်ဦးထပ်တွေ့ရတယ်။ အဲ့တော့ သူ အပါအဝင်ဆိုရင်တော့ မိန်းကလေး (၃)ယောက်ပါ

ဟု အမည်မဖော်လိုသည့် ဌာနဆိုင်ရာ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပိုးတွေ့သည့် အမျိုးသမီး (၃)ဦးသည် ထိုင်းနိုင်ငံသူ နှင့် မြန်မာနိုင်ငံသူများ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ယနေ့ ဇွန်လ(၂၇)ရက်နေ့တစ်နေ့တည်း၌ ဒေသတွင်းကူးစက်မှုအဖြစ် ပိုးတွေ့ရသူ (၃)ဦး နှင့် မိုးကုတ်ရိပ်သာတွင် Quarantin‌e ထားပြီးစစ်ဆေးသည့် (၂)ဦး အပါအဝင် (၅)ဦးကို တာချီလိတ်ဆေးရုံဟောင်းအတွင်းရှိ Covid-19 သီးသန့် ကုသဆောင်တွင် ထားရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယခင်က Covid-19 ပိုးတွေ့ရှိပြီးနောက် မြို့တွင် Covid-19 ကာကွယ်ရေးနှင့် ပတ်သက်၍ လုပ်ဆောင်ရန်များ သတိပြုရန်များကို ခရိုင်/မြို့နယ် ကိုဗစ် ကော်မတီများက ထုတ်ပြန်ချက်များ ချက်ချင်းထုတ်လေ့ရှိသော်လည်း ယခုအခါမှာ ပိုးတွေ့ လူနာများမှာ Online Game လုပ်ငန်းများနှင့် ပတ်သက်နေ၍ ထုတ်ပြန်လာမှုများ မရှိသေးကြောင်း သိရသည်။

ပိုးတွေ့သူများနှင့် ပတ်သက်၍ ထိ‌တွေ့မှုရှိသူများကို သတ်မှတ်ချက်များအလိုက်  Quarantin‌e ထားရှိကြောင်း သိရသည်။

#TachileikNewsAgency