မကွေးတိုင်းအတွင်းမှ covid-19 အတည်ပြုလူနာတစ်ဦးမှာ မလေးရှားက ပြန်လာသူဖြစ်နေ

မကွေးတိုင်းအတွင်းမှ covid-19 အတည်ပြုလူနာတစ်ဦးမှာ မလေးရှားက ပြန်လာသူဖြစ်နေ
မေ 19, 2020
By Tachileik News Agency
 မကွေးတိုင်းအတွင်းမှ covid-19 အတည်ပြုလူနာတစ်ဦးမှာ မလေးရှားက ပြန်လာသူဖြစ်နေ

မကွေးတိုင်းဒေသကြီးတွင် ဒုတိယမြောက် အတည်ပြုလူနာအဖြစ် တောင်တွင်းကြီးမြို့၌ မလေးရှားမှပြန်လာသည့် အမျိုးသားတစ်ဦးကို ၂၀၂၀ ခုနှစ်၊ မေလ (၁၉)ရက်နေ့က ဓါတ်ခွဲအတည်ပြုတွေ့ရသဖြင့် မကွေးသင်ကြားရေးဆေးရုံ၌ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"မကွေးတိုင်း တစ်တိုင်းလုံးက ဆေးရုံတွေ ၊ Facality Quarantine စင်တာတွေကနေ (၁၀၃) ဦးရဲ့ ဓာတ်ခွဲ နမူနာပေးပို့ စစ်ဆေးခဲ့တာမှာ မကွေးပညာရေးကောလိပ်မှာ Quarantine ထားရှိတဲ့ မလေးရှားပြန်(၂၄)ဦး ထဲက တစ်ယောက်မှာ ပိုးတွေ့ရှိရတာပါ '' ဟု မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ လက်ထောက် ညွှန်ကြားရေးမှူး  ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အတည်ပြုလူနာ အပါအဝင် မလေးရှားနိုင်ငံမှ ပြည်တော်ပြန် (၁၂၀)ဦးသည် မေလ (၁၁)ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ပြန်လည်ရောက်ရှိလာပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက မိမိတို့ဒေသတွင် ခေါ်ဆောင်၍ အသွားအလာကန့်သတ်ထားခြင်းဖြစ်သည်။

မလေးရှားမှ ပြန်တော်ပြန်များအနက် ချင်းပြည်နယ်မှ အတည်ပြုလူနာ (Case 182) ကို မေလ (၁၆)ရက်နေ့က ဓါတ်ခွဲအဖြေရပြီးနောက် လေယာဉ်အတူစီးနင်းလာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အသွားအလာကန့်သတ်ထားသူများကို ဓါတ်ခွဲစစ်ဆေးရာ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်မှ အမျိုးသား (၁)ဦး၊ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ အမျိုးသား (၁)ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ အမျိုးသား( ၁)ဦးတို့၌ COVID 19 ပိုးတွေ့ရကြောင်း မေလ (၁၉)ရက်နေ့က ဓါတ်ခွဲအဖြေရခဲ့ခြင်းဖြစ်သည်။

တောင်တွင်းကြီးမှ အတည်ပြုလူနာနှင့်အတူ  မကွေးမြို့ ပညာရေးကောလိပ်၌ အသွားအလာကန့်သတ်ထားသည့် မလေးရှားပြန်(၂၃)ဦးနှင့် ထိုင်းပြန်(၈)ဦးတို့၏ ဓါတ်ခွဲအဖြေများတွင် ပိုးမတွေ့ရကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ပထမပိုးတွေ့လူနာဖြစ်သည့် မြို့သစ်မြို့နယ်မှ အမျိုးသားမှာ ကျန်းမာရေးပြန်လည်ကောင်းမွန်သွားသဖြင့် နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် မေလ (၁၉)ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း (၁၉၁)ဦးရှိပြီဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~