UWSA မှ ဖမ်းဆီးရမိပြီး လွှဲပြောင်းပေးထားသည့် မူးယစ်ဆေးနှင့် သယ်ဆောင်သူတစ်ဦးအား ပုံပါကျင်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထား

UWSA မှ ဖမ်းဆီးရမိပြီး လွှဲပြောင်းပေးထားသည့် မူးယစ်ဆေးနှင့် သယ်ဆောင်သူတစ်ဦးအား ပုံပါကျင်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထား
မေ 22, 2020
By Tachileik News Agency

UWSA မှ ဖမ်းဆီးရမိပြီး လွှဲပြောင်းပေးထားသည့် မူးယစ်ဆေးနှင့် သယ်ဆောင်သူတစ်ဦးအား ပုံပါကျင်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထား  

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်အတွင်း မြန်မာ-ထိုင်းနယ်စပ်တွင် UWSA “ဝ”တပ်ဖွဲ့မှ ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြား (၃.၅)သန်းကျော် အပါအဝင် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးသယ်သူ (၁)ဦးတို့အား တပ်မတော်က လွှဲပြောင်းလက်ခံထားပြီးနောက် ၂၀၂၀ ခုနှစ်၊ မေလ (၂၁)ရက်နေ့တွင် ရဲတပ်ဖွဲ့ထံပြန်လည်လွှဲပြောင်းလိုက်ပြီးနောက် ပုံပါကျင်နယ်မြေရဲစခန်းတွင်  အမှုဖွင့်ထားပြီဖြစ်သည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းများနှင့် တရားခံတို့အား မေလ (၂၀) ရက်နေ့ နံနက် (၉)နာရီ၌ UWSA(ဝ)တပ်ဖွဲ့ တပ်မဟာ(၇၇၈)တပ်မဟာမှူး ဆမ်ပလုံးက တပ်မတော်သို့ လွှဲပြောင်းပေးအပ်ရာ အမှတ်(၆၅) ခြေလျင် တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးအောင်သူရက လက်ခံရယူခဲ့ပြီးနောက် မေလ (၂၁) ရက်နေ့ ညနေ(၅)နာရီခန့်တွင် မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ ရဲအုပ်အောင်မြင့်ဝင်းထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က လွှဲပြောင်းလက်ခံရရှိသည့် မူးယစ်ဆေးသယ်သူ အသက် (၃၁)နှစ်အရွယ် ကျခါးကို  မေလ (၂၁) ရက်နေ့ ည(၈)နာရီဝန်းကျင်၌ ပုံပါကျင်နယ်မြေရဲစခန်းတွင် မယ(ပ) ၅/၂၀၂၀ မူး/စိတ် ပုဒ်မ ၁၉(က)/၂၂(ခ) ဖြင့် အမှုဖွင့်အရေးယူထားခြင်းဖြစ်ကြောင်း သိရသည်။

UWSA "ဝ"တပ်ဖွဲ့၊ စစ်ဒေသ(၁၇၁) လက်အောက်ရှိ တပ်မဟာ(၇၇၂) မှ ဒုတပ်မဟာမှူး  ပေါင်းအိုက်မိန်းဦးစီးသော အင်အား(၉၀)ဦးသည် မေလ(၁၄)ရက် ည(၉)နာရီခန့်က မြန်မာ-ထိုင်း နယ်စပ် နမ့်ဟူးခွန်ကျေးရွာအုပ်စု၊ လွယ်ထွေတောင်ကြားတွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် မူးယစ် ဆေးသယ်ဆောင်သူ လူ(၆၀)ဦးခန့်ပါသောအဖွဲ့အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ၎င်းအဖွဲ့မှစတင် ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မူးယစ်ဆေးသယ်သည့်အဖွဲ့မှ အသေတစ်ဦးနှင့် ကျခါးအား အရှင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါအဖွဲ့သယ်ဆောင်လာသည့်999 တံဆိပ် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၃,၅၁၀,၀၀၀)ပြား၊ အမ်(၂၂)ကျည်အိမ်တစ်ခုနှင့် ကျည်(၅)တောင့်ကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

 Tachileik News Agency
သတင်း - သန်းဇော်(မိုင်းဆတ်)
သတင်း - UWSA

ဆက်စပ်သတင်း
မြန်မာ - ထိုင်းနယ်စပ်တွင် UWSA က ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြား (၃.၅)သန်းကျော် နှင့် လက်နက်ခဲယမ်း အပါအဝင် တရားခံကို တပ်မတော်သို့ လွှဲပြောင်း

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~