စလေမြို့မှ ဖျော်ရည်အမှတ်တံဆိပ်တစ်ခုကို ဆင်တူယိုးမှားထုတ်လုပ်နေမှုနှင့်ပတ်သက်၍ ယှဉ်ပြိုင်မှုကော်မရှင်ကို တင်ပြမည်

စလေမြို့မှ ဖျော်ရည်အမှတ်တံဆိပ်တစ်ခုကို ဆင်တူယိုးမှားထုတ်လုပ်နေမှုနှင့်ပတ်သက်၍ ယှဉ်ပြိုင်မှုကော်မရှင်ကို တင်ပြမည်
ဒီဇင်ဘာ 1, 2019
By Tachileik News Agency

မကွေးတိုင်းဒေသကြီး၊ စလေမြို့တွင် ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပတင်ပို့နေသည့် ဖျော်ရည်အမှတ်တံဆိပ် တစ်မျိုးကို ဆင်တူယိုးမှားထုတ်လုပ်နေမှုနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားလာသဖြင့်  မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်သို့ တင်ပြနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း သိရသည်။

 “အဲဒီကိစ္စက စားသုံးသူနဲ့ လုပ်ငန်းရှင်အကြားမှာ ဖြစ်တဲ့ပြဿနာမဟုတ်တဲ့အတွက် ကျွန်တော်တို့နဲ့ တိုက်ရိုက် မပတ်သက်ဘူးဗျ။ လုပ်ငန်းရှင်အ ချင်းချင်းဖြစ်ကြတဲ့ကိစ္စဆိုတော့ စားသုံးသူကာကွယ်ရေးဥပဒေနဲ့ မသက်ဆိုင်ဘဲနဲ့ ယှဉ်ပြိုင်မှု မူဝါဒ ဥပဒေနဲ့ပဲ အကျုံးဝင်ပါတယ်။ လုပ်ငန်းရှင်တွေ လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ လိုက်နာရမယ့် စည်းကမ်းတွေနဲ့ပဲ သက်ဆိုင်တာကြောင့် စီးပွားကူးသန်းဝန်ကြီးဌာနမှာ ယှဉ်ပြိုင်မှုကော်မရှင်ဆိုတာရှိကြောင်းနဲ့ အချက်အလက်အပြည့်အစုံနဲ့တင်ပေးပါ အဲဒီကိုဆက်လက်ပေးပို့တင်ပြပေးမယ်လို့ Jum Jel ဖျော်ရည် လုပ်ငန်းရှင်ကို ပြောထားပါတယ်”ဟု မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စလေမြို့၌ သဘာဝစလေဇီးသီးနှင့် မန်ကျီးသီးဖျော်ရည်လုပ်ငန်းကို ဒေသတွင်း ဆင်တူယိုးမှားထုတ်လုပ်ကာ ကုန်အမှတ်တံဆိပ်အား ထိခိုက်စေရန် လုပ်ဆောင်မှုများ ရှိလာသည်ဟုဆိုကာ Jum Jel လုပ်ငန်းရှင်က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက်နေ့တွင် မကွေးမြို့ ရွှေလှေခန်းမ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

 “၂၀၁၇ ခုနှစ်မှာ FDA ထောက်ခံချက်ရယူထုတ်လုပ်လာခဲ့တာမှာ အခုဆိုရင် သက်တမ်း(၂၄နှစ်)ရှိပြီဖြစ်ပါတယ်။ ၂၀၀၈ခုနှစ်မှာ ဈေးကွက်ဖြန့်ဖြူးရေးအဖွဲ့ကို သီးသန့်ဖွဲ့ပြီး ပြည်တွင်းမှာသာမက ထိုင်းနဲ့ တရုတ်နိုင်ငံတွေအထိ ဈေးကွက်ထိုးဖောက်နိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်နောက်ပိုင်းမှာ ဒေသအတွင်းကပဲ  အမည်ကလွဲပြီး ပုံစံတူ၊ ဒီဇိုင်းတူ ဇီးနှင့်မန်ကျီးဖျော်ရည်လုပ်ငန်း တစ်ခု ပေါ်ထွက်လာခဲ့ပြီး ၂၀၁၅/၂၀၁၆ ခုနှစ်လောက်ကစပြီးတော့ Jum Jel  ဇီးနဲ့ မန်ကျီး ဖျော်ရည်မှာ ဓာတုပစ္စည်းတွေပါဝင်ကြောင်း၊ အရည်အသွေးပြည့်မီခြင်းမရှိတဲ့ပစ္စည်းကို သုံးစွဲကြောင်း၊ အလေးချိန် လည်းမပြည့်မီကြောင်း ဈေးကွက်အတွင်းက ဖြန့်ချိရေးဆိုင်များနဲ့ စားသုံးသူတွေကို မဟုတ်မမှန် သတင်းဖြန့်ချိပြီး ဈေးကွက်တိုက်ခိုက်မှုတွေ လုပ်လာခဲ့ပါတယ်။ ဒါကို ရပ်တန့်စေလိုတဲ့ရည်ရွယ်ချက်နဲ့ အခုလို သတင်း စာရှင်းလင်း ပွဲပြုလုပ်ရတာပါ။ ဒါနဲ့မှ ရပ်တန့်ခြင်းမရှိဘူးဆိုရင်တော့ ဥပဒေအရ တရားစွဲဆို ဆောင်ရွက်သွားမှာပါ”ဟု Jum Jel  သဘာဝစလေဇီးသီးနှင့် မန်ကျီးသီးဖျော်ရည်လုပ်ငန်း ဒါရိုက်တာ ဒေါ်သက်စုဌေး က ပြောသည်။

ယင်းကဲ့သို့ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍  နိုဝင်ဘာ(၂၅)ရက်နေ့တွင် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာသို့ တိုင်ကြားစာပေးပို့ထားခဲ့ရာ လုပ်ငန်းရှင်ချင်း ယှဉ်ပြိုင်မှုဖြစ်၍ ယှဉ်ပြိုင်မှုကော်မရှင်သို့ တင်ပြရန် အကြောင်းပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ကို ၂၀၁၈ခုနှစ်၊ အောက်တိုဘာလတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယှဉ်ပြိုင်မှုဥပဒေအရ ဈေးကွက်အတွင်း ယှဉ်ပြိုင်သူများ ဈေးကွက်အတွင်းမှ ထွက်သွားစေရန် ထုတ်လုပ်မှု ကုန်ကျစရိတ်အောက် ရောင်းချခြင်းနှင့် ဝန်ဆောင်မှုပေးခြင်း၊ ဈေးကွက်ပေါက်ဈေးနှင့် ကိုက်ညီမှုမရှိသော ဈေးနှုန်းများ သက်မှတ်ရောင်းချခြင်း၊ ကုန်စည်ထုတ်လုပ်ခြင်း ဖြန့်ဖြူးခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းတို့ကို ကန့်သတ်ထားခြင်း၊ မျှတမှု မရှိသော ယှဉ်ပြိုင်မှုဖြစ်ပေါ်စေရန် တပြေးညီ မဟုတ်သော စည်းမျဉ်းများ ချမှတ်ခြင်း၊ အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုရာတွင် တရားမျှတမှု မရှိဘဲ လက်ခံရန် အတင်းအကျပ်ပြုခြင်းတို့ကို မပြုလုပ်ရန် တားမြစ်ထားသည်။

ဈေးကွက်အတွင်း တရားမျှတစွာ ယှဉ်ပြိုင်မှုမရှိပါက ပြစ်မှုထင်ရှားလျှင် ယှဉ်ပြိုင်မှု ဥပဒေအရ ထောင်ဒဏ် (၃) လမှ (၃) နှစ်အထိဖြစ်စေ၊ ကျပ် (၁) သိန်းမှ ကျပ်သိန်း (၁၅၀) ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်မည်ဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်

 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~