မြန်မာနိုင်ငံအတွင်း COVID 19 အတည်ပြုလူနာများတိုးလာသည့် အတွက် မကွေးတွင် အသွားအလာ သိသိသာသာလျော့ကျ

မြန်မာနိုင်ငံအတွင်း COVID 19 အတည်ပြုလူနာများတိုးလာသည့် အတွက် မကွေးတွင် အသွားအလာ သိသိသာသာလျော့ကျ
ဧပြီ 13, 2020
By Tachileik News Agency
မြန်မာနိုင်ငံအတွင်း COVID 19 အတည်ပြုလူနာများတိုးလာသည့် အတွက် မကွေးတွင် အသွားအလာ သိသိသာသာလျော့ကျ

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ(၁၂)ရက်နေ့က COVID-19 အတည်ပြုလူနာ(၁၀)ဦးတွေ့ရှိပြီးနောက် မကွေးမြို့တွင် အပြင်ထွက်သူ သိသိသာသာလျော့နည်းကျဆင်းသွားသည်။

ဧပြီလ(၁၂)ရက်နေ့မတိုင်မီက မကွေးမြို့ရှိ ပြည်သူအများစုမှာ ပုံမှန်အခြေအနေနီးပါး အပြင်လမ်းမများ ပေါ်၌ သွားလာလျှက်ရှိနေကြပြီး ဧပြီလ(၁၁)ရက် ည(၈)နာရီတွင် (၃)ဦး၊ နောက်တစ်နေ့(၁၂)ရက် နံနက် (၃)နာရီ၌ (၇)ဦး ပိုးတွေ့အတည်ပြုလူနာတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာချက်ထွက်လာပြီးနောက် အသွားအလာသိသိသာသာ လျော့နည်းကျဆင်းသွားခြင်းဖြစ်သည်။

အစောပိုင်းရက်တွေတုန်းက ပြည်သူတွေ အိမ်ထဲမှာနေကြဖို့ နှိုးဆော်မှုတွေရှိခဲ့ပေမဲ့ လိုက်နာမှု အတော် ကြီးကို အားနည်းခဲ့ကြတယ်ဗျ။ ဧပြီလ(၁၂)ရက်နေ့မှာ တစ်ရက်တည်းနဲ့ (၁၀) ဦးတောင်တွေ့ရှိတာကို ကြေညာလိုက်တယ်။ ပြီးတော့ အဲဒီပိုးတွေ့လူနာ အများစုဟာ ပြည်တွင်းမှာပဲ ကူးစက်မှုခံလိုက်ရတယ်ဆိုတာ သိသွားကြတာကြောင့် အပြင် မထွက်ရဲကြတော့တာဖြစ်မယ်လို့ ထင်ပါတယ်

ဟု အောင်မင်္ဂလာရပ်ကွက်နေသူ ဦးကြည်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လတ်တလော မကွေးတိုင်းအတွင်းရှိ Hospital Quarantine  နှင့် Facility Quarantine များမှ ဓာတ်ခွဲနမူနာ ပေးပို့ထားသူ (၁၇၀)ဦးဝန်းကျင်ရှိသည့်အနက် (၈၃)ဦး၏အဖြေမှာ Negative ဖြစ်ပြီး ကျန်သူများ၏အဖြေ ကို စောင့်ဆိုင်းဆဲဟု သိရကာ ယနေ့အထိ မကွေးတိုင်းတွင် ပိုးတွေ့လူနာမရှိသေးဟု မကွေးတိုင်း ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

လတ်တလော မကွေးတိုင်းအတွင်းက Hospital Quarantine  တွေက ဓာတ်ခွဲနမူနာပေးပို့ထားသူ (၆၉)ဦး အနက် (၅)ဦးရဲ့အဖြေ ဒီနေ့ ထွက်ဖို့ရှိပါတယ်။ ကျန်တဲ့ (၆၄)ဦးရဲ့ အဖြေက Negative ဖြစ်ပြီး Facility Quarantine တွေကလည်း (၁၀၀) ကျော် ပို့စစ်ထားတဲ့အနက် (၁၄)ဦးရဲ့ အဖြေက Negative ပါ

ဟု မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင် မောင်သန်းက ဧပြီလ(၁၃)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့မှ ဧပြီလ (၁၃)ရက်နေ့ နံနက် (၁)နာရီမထိုးမီအချိန်ထိ ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၄၁) ဦး တွေ့ရှိထားပြီး အတည်ပြုလူနာများအနက် (၂)ဦးမှာ ဆေးရုံဆင်း၍ (၁၄)ရက်စောင့်ကြည့်မှုအောက်တွင်နေထိုင်နေကာ (၃၅)ဦးမှာ ကုသမှုခံယူနေပြီး သေဆုံးသူ (၄)ဦးရှိနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ- ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~