မကွေးတက္ကသိုလ်တွင် ကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်သို့ နိုင်ငံတော်သမ္မတ တက်ရောက်

မကွေးတက္ကသိုလ်တွင် ကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်သို့ နိုင်ငံတော်သမ္မတ တက်ရောက်
ဒီဇင်ဘာ 14, 2019
By Tachileik News Agency

တတိယအကြိမ် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့ နံနက် (၉)နာရီက စတင်ဖွင့်လှစ်ရာ နိုင်ငံတော်သမ္မတ နိုင်ငံတော်သမ္မတ တက်ရောက် ဖွင့်လှစ်သည်။

“ဒီမိုကရေစီနိုင်ငံရေးစနစ်၊ ဖက်ဒရယ်စနစ်တွေနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် ပြည်ထောင်စု စိတ်ဓာတ်၊ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံသားစိတ်ဓာတ်တွေကို ငယ်စဉ်ကပဲစတင်မွေးမြူပေးကြဖို့ မှာကြားလိုပါတယ်။ ပြည်ထောင်စုဖွား တိုင်းရင်းသား မျိုးနွယ်စုများအကြား မတူကွဲပြားမှုတွေကို အသိအမှတ်ပြုပြီး စုပေါင်းအင်အား တည်ဆောက်နိုင်ဖို့ လူငယ်တွေအနေနဲ့ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ရိုင်းပင်းကူညီဖေးမမှု၊ အပြန်အလှန်စာနာ ထောက်ထားမှုတွေကို မြှင့်တင်ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဖွင့်ပွဲမိန့်ခွန်းတွင် တိုက်တွန်းသွားသည်။

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်များကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ကျင်းပခဲ့ပြီးနောက် မကွေးမြို့တွင် ဒီဇင်ဘာလ (၁၄)ရက်မှ (၁၆)ရက်အထိ ကျင်းပမည်ဖြစ်သည်။

ပွဲတော်တွင် စာပေစကားဝိုင်း၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ ကျပန်းစကားပြော၊ ကဗျာရွတ်ပြိုင်ပွဲ၊ လူငယ်ဆိုင်ရာ ဆွေးနွေးပွဲများ၊ အားကစားဆိုင်ရာလှုပ်ရှားမှုများ၊ အနုပညာဆိုင်ရာလှုပ်ရှားမှုများ ပါဝင်ပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းအသီးသီးတို့မှ သုတ၊ရသနှင့် အသိပညာပေးဆိုင်ရာ ပြခန်းပေါင်း(၁၁၂)ခန်း၊ စာအုပ်ဆိုင်ပေါင်း(၆၀) ပါဝင်ပြသနေခြင်းဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကြီး၊ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများလည်း တက်ရောက်ကြသည်ကို တွေ့ရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~