တာချီလိတ်မြို့၏ ပထမဆုံး တန်ဆောင်တိုင်မီးမျှောပွဲ(လွယ်ကထုံး)ကျင်းပမည့် ရွှေဝါနဒီပန်းခြံတွင်း မီးအလှများ ကြိုတင် ပြင်ဆင်ထားရှိ

တာချီလိတ်မြို့၏ ပထမဆုံး တန်ဆောင်တိုင်မီးမျှောပွဲ(လွယ်ကထုံး)ကျင်းပမည့် ရွှေဝါနဒီပန်းခြံတွင်း မီးအလှများ ကြိုတင် ပြင်ဆင်ထားရှိ
နိုဝင်ဘာ 9, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပထမဆုံးအကြိမ် တန်ဆောင်တိုင်မီးမျှောပွဲ(လွယ်ကထုံး)ကျင်းပမည့် ရွှေဝါနဒီပန်းခြံအတွင်း ရေချောင်းတွင် ရေစီးရေလာကောင်းမွန်စေရန်နှင့် ပန်းခြံတွင်း ပြင်ဆင်ခြင်းများကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့တွင် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြသည်။

တာချီလိတ်တန်ဆောင်တိုင် မီးမျှောပွဲကို နိုဝင်ဘာလ (၁၁)ရက်နေ့ ည (၇)နာရီအချိန်၌ ရွှေဝါနဒီပန်းခြံအတွင်း ကျင်းပမည်ဖြစ်သည်။

"တန်ဆောင်တိုင်လပြည့်ညဆိုရင် ဒီမြို့က ဒေသခံတွေက မယ်ဆိုင်ချောင်းနဲ့ ထိုင်းဘက်မှာ မီးသွားမျှောကြတာတွေ ရှိတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ မီးမျှောပွဲလေးကို တာချီလိတ်မှာပဲ ပထမဆုံးအကြိမ် ဖြစ်အောင် စီစဉ်နေပါတယ်။ အဲဒီနေ့မှာ လာပြီးမီးမျှောမယ့်သူတွေ အဆင်ပြေဖို့အတွက် ချောင်းထဲမှာ ရေရှိအောင် စီမံထားမယ်။ ပြီးရင် အဲဒီတံတား(၂)အနီးနားဝန်းကျင်မှာလည်း သာယာလှပအောင် မီးတွေနဲ့ အလှဆင်တာတွေနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေပါဝင်မှာ ဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မီးမျှောပွဲတွင် လာရောက်ဆင်နွှဲကြမည့်သူများအတွက် ဖျော်ဖြေရေးအစီအစဉ်များ၊ ညမီးများဖြင့် အလှဆင်ခြင်းများနှင့် ဈေးသည်များ အဆင်ပြေစွာ ဈေးရောင်းချနိုင်ရန်အတွက်လည်း စီစဉ်ထားရှိ ပေးမည်ဖြစ်ကာ မီးမျှောပွဲကျင်းပနေစဉ် ည(၇)နာရီမှစ၍ တံတား (၂)အဝင်လမ်းကို ခေတ္တပိတ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

ဆက်စပ်သတင်း
တာချီလိတ်မြို့၏ ပထမဆုံးအကြိမ် တန်ဆောင်တိုင်မီးမျှောပွဲ နိုဝင်ဘာလ(၁၁)ရက်နေ့ ညတွင် ရွှေဝါနဒီပန်းခြံအတွင်း ကျင်းပမည်



 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net