တာချီလိတ်မြို့ ဝမ်မိုင်ရွာတွင် ညပိုင်းအတွင်း အရပ်ဝတ်နှင့်လူတစ်စုမှ သေနတ်ဖြင့်  (၅)ချက်မှ (၇)ချက်အထိ ပစ်ဖောက်သွား

တာချီလိတ်မြို့ ဝမ်မိုင်ရွာတွင် ညပိုင်းအတွင်း အရပ်ဝတ်နှင့်လူတစ်စုမှ သေနတ်ဖြင့်  (၅)ချက်မှ (၇)ချက်အထိ ပစ်ဖောက်သွား
မတ် 19, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း ဝမ်မိုင်ရွာအတွင်း ယနေ့ မတ်လ(၁၉)ရက်နေ့ ည(၉)နာရီ (၇)မိနစ်အချိန်က အရပ်ဝတ်များဖြင့် ကား(၄)စီးအဖွဲ့က သေနတ်များ ပစ်ဖောက်သွားကြောင်း သိရသည်။

အရပ်ဝတ်တွေနဲ့ပဲ ကား(၄)စီး၊ အိမ်စီးကားပဲလာတာ။ အစက ဆိုင်ကယ်နဲ့ တစ်ယောက် အရင်လာပြီး လမ်းတွေလိုက်ပတ်တာ။ ပြီးတာနဲ့ ကား(၄)စီး တစ်ခါထဲ ဝင်လာတာ။

ဟု ဝမ်မိုင်ရွာနေသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဝမ်မိုင်ရွာအတွင်း ရီဂျီနားဂေါက်ကွင်းအဆင်း ရွာအောက်လမ်းဘက်တွင် တစ်ခါ၊ ဘုရားကျောင်းဘက်သို့ သွားသည့်နေရာတွင် တစ်ခါ၊ စုစုပေါင်း နှစ်နေရာတွင် သေနတ်ပစ်ဖောက်သွားပြီး စုစုပေါင်း အနည်းဆုံး(၅)ချက်မှ (၇)ချက်အထိ ပစ်ဖောက်သွားကြောင်း ဝမ်မိုင်ရွာတွင်းနေသူများ၏ ပြောပြချက်အရ သိရသည်။

ကိုယ့်အိမ်ထဲမှာ ကိုယ်နေတာလည်း မလုံခြုံတော့ပါဘူး။ အိမ်က အဖိုးက သေနတ်သံကြားလို့ အတော်လေးလန့်သွားတယ်။ ဘယ်သူတွေလည်းတော့မသိဘူး ဘေးအိမ်ကို မေးကြည့်တာတော့ အရပ်ဝတ်တွေနဲ့လို့ ပြောတယ်

ဟု ဝမ်မိုင်ရွာတွင်းနေ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းသို့ ပစ်ဖောက်သွားသူများမှ အရပ်ဝတ်များနှင့်ဖြင့်၍ မည်သူဆိုသည်ကိုတော့ မသိရှိရကြောင်း သိရသည်။

ဝမ်မိုင်ရွာအတွင်း၌ မတ်လ(၁၅)ရက်နေ့နောက်ပိုင်းက စပြီး လူစိမ်းများ နေ့စဉ် ဆိုင်ကယ်နှင့် ကားတို့ဖြင့် လာရောက် ပတ်သွား ပတ်လာပြုလုပ်နေကြောင်းလည်း သိရသည်။