တာချီလိတ်မြို့၏ ပထမဆုံးအကြိမ် တန်ဆောင်တိုင်မီးမျှောပွဲ နိုဝင်ဘာလ(၁၁)ရက်နေ့ ညတွင် ရွှေဝါနဒီပန်းခြံအတွင်း ကျင်းပမည်

တာချီလိတ်မြို့၏ ပထမဆုံးအကြိမ် တန်ဆောင်တိုင်မီးမျှောပွဲ နိုဝင်ဘာလ(၁၁)ရက်နေ့ ညတွင် ရွှေဝါနဒီပန်းခြံအတွင်း ကျင်းပမည်
နိုဝင်ဘာ 7, 2019
By Tachileik News Agency
တာချီလိတ်မြို့၏ ပထမဆုံးအကြိမ် တန်ဆောင်တိုင်မီးမျှောပွဲ နိုဝင်ဘာလ(၁၁)ရက်နေ့ ညတွင်
 ရွှေဝါနဒီပန်းခြံအတွင်း ကျင်းပမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် တန်ဆောင်တိုင်မီးမျှောပွဲကို တန်ဆောင်မုန်း လပြည့်နေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့ ညပိုင်းတွင် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတား၌ ကျင်းပမည်ဖြစ်ပြီး ဒေသတွင်း အက နှင့် သီဆိုဖျော်ဖြေမှုများ ပါဝင်မည်ဖြစ်သည်။

မီးမျှောပွဲကျင်းပမည့် ရွှေဝါနဒီပန်းခြံ

"တန်ဆောင်တိုင်လပြည့်ညဆိုရင် ဒီမြို့က ဒေသခံတွေက မယ်ဆိုင်ချောင်းနဲ့ ထိုင်းဘက်မှာ မီးသွားမျှောကြတာတွေ ရှိတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ မီးမျှောပွဲလေးကို တာချီလိတ်မှာပဲ ပထမဆုံးအကြိမ် ဖြစ်အောင် စီစဉ်နေပါတယ်။ အဲဒီနေ့မှာ လာပြီးမီးမျှောမယ့်သူတွေ အဆင်ပြေဖို့အတွက် ချောင်းထဲမှာ ရေရှိအောင်စီမံထားမယ်။ ပြီးရင် အဲဒီတံတား(၂)အနီးနားဝန်းကျင်မှာလည်း သာယာလှပအောင် မီးတွေနဲ့အလှဆင်တာတွေနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေပါဝင်မှာ ဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 

မီးမျှောပွဲတွင် လာရောက်ဆင်နွှဲကြမည့်သူများ အဆင်ပြေနိုင်ရန်အတွက် ရေချောင်းအတွင်းရှိ အမှိုက်များနှင့် ချောင်းဘေးဝန်းကျင်ရှိ အမှိုက်များကိုလည်း နိုဝင်ဘာလ(၉)ရက်နေ့တွင် မြို့တွင်းအပတ်စဉ် စနေနေ့တိုင်း ပြုလုပ်နေသည့် လူထုစုပေါင်း အမှိုက်ကောက်သည့် အစီအစဉ်ဖြင့် ရှင်းလင်းမည်ဟု သိရသည်။

မီးမျှောပွဲကျင်းပမည့်နေ့တွင် ချောင်းအတွင်း ရေစီးအားကောင်းစေရန်အတွက်လည်း စီမံဆောင်ရွက်ထားမည်ဖြစ်ပြီး ညမီးများဖြင့် အလှဆင်ခြင်း၊ ဖျော်ဖြေရေး အစီအစဉ်များနှင့် ဈေးသည်များ အဆင်ပြေစွာ ဈေးရောင်းချနိုင်ရန် အတွက်လည်း စီစဉ်ထားရှိပေးမည်ဖြစ်ကာ မီးမျှောပွဲကျင်းပနေစဉ် ည(၇)နာရီမှစ၍ တံတား (၂)အဝင်လမ်းကို ခေတ္တပိတ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

" ပထမဆုံး အကြိမ်ကျင်းပမဲ့ ဒီပွဲကို စည်စည်ကားကားလေး ဖြစ်စေချင်တယ်။ သူများနိုင်ငံမှာ သွားရောက် ဆင်နွှဲတာထက်စာရင် ကိုယ့်နိုင်ငံမှာကိုယ် ပျော်ပျော်ပါးပါး ဆင်နွှဲစေချင်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း ပျော်ပျော်ပါးပါး လာရောက်မီးမျှောကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဒါ့အပြင် ပွဲနေ့မှာ မီးအလှဆင်ဖို့အတွက် အလှူရှင်တွေအနေနဲ့လည်း ရောင်စုံမီးတွေ လှူဒါန်းပေးဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်"ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။

ဆီမီးမျှောပွဲကို တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်၊ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)ထိပ်၊ ရွှေဝါနဒီပန်းခြံတွင် ကျင်းပသွားမည်ဖြစ်ပြီး သီဆိုဖျော်ဖြေမှုများ၊ လူငယ်များ၏ BBoy အကများဖြင့် ဖျော်ဖြေကြမည်ဖြစ်သည်။

Tachileik News Agency
သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net