TNLA သိမ်းပိုက်ထားသည့် မြို့(၃)မြို့တွင် တရားစီရင်ရေးပါလုပ်မည်ဟု စစ်ကောင်စီကြေညာ

TNLA သိမ်းပိုက်ထားသည့် မြို့(၃)မြို့တွင် တရားစီရင်ရေးပါလုပ်မည်ဟု စစ်ကောင်စီကြေညာ

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မန်တုံမြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့် နမ္မတူမြို့နယ်များအတွင်း အုပ်ချုပ်ရေးအပြင် တရားစီရင်ရေးများကိုပါ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကို အပ်နှင်းကြောင်း ထုတ်ပြန်သည်။

မန်တုံမြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့် နမ္မတူမြို့နယ်များအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်ဟုဆိုကာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးအာဏာကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးထံ အပ်နှင်းသည်ဟု ၂၀၂၄ခုနှစ် မတ်လ(၄)ရက်နေ့တွင် ထုတ်ပြန်လာခြင်းဖြစ်သည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးသည် စစ်အုပ်ချုပ်ရေးဒေသအတွင်း စစ်နယ်မြေများသတ်မှတ်၍ စစ်နယ်မြေမှူးများကို စစ်ခေါင်းဆောင် သဘောတူညီချက်ဖြင့် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ပြီး ခန့်ထားနိုင်သည်ဟု ဆိုသည်။

ထို့အပြင် စစ်အုပ်ချုပ်ရေးဒေသအတွင်း ကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများဖြင့်သော်လည်း ကောင်း၊ တာဝန်လွှဲအပ်သော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့ဖြင့်သော်လည်းကောင်း လုံခြုံရေးကိစ္စရပ်များ၊ လူမှုရေးကိစ္စရပ်များ၊ ကုန်သွယ်ရေးကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များနှင့် တရားစီရင်ရေးကိစ္စများကို လုပ်ဆောင်နိုင်သည်ဟု ဆိုသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက စစ်အုပ်ချုပ်ရေးကာလအတွင်း ပြစ်မှုဆိုင်ရာမှုခင်းများကို တည်ဆဲဥပဒေအရ ဖွဲ့စည်းထားသော တရားရုံးများဖြင့်ဖြစ်စေ၊ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ပြီး ဖွဲ့စည်းသည့် စစ်ခုံရုံးများဖြင့်ဖြစ်စေ စစ်ဆေးစီရင်နိုင်သည်ဟုလည်း ပါရှိသည်။

စစ်ခုံရုံးများသည်လည်း ပြစ်မှုဆိုင်ရာမှုခင်းများကို အကျဉ်းနည်းဖြင့်စစ်ဆေးစီရင်နိုင်ပြီး ပြစ်မှုတစ်ခုခုကို ကျူးလွန်သူတစ်ဦးအား စစ်ခုံရုံးက ပြစ်မှုထင်ရှားစီရင်ပါက သေဒဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နှင့် ထောင်ဒဏ်၊ သက်ဆိုင်ရာ ပြစ်မှုအလိုက် သတ်မှတ်ထားသော အမြင့်ဆုံး ပြစ်ဒဏ်တို့ကို ချမှတ်နိုင်သည်ဟု ဆိုသည်။

စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုများမှာ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၂)၊ အစိုးရကို အကြည်ညိုပျက်အောင်ပြုလုပ်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၄-က)၊ တပ်မတော်သို့မဟုတ် တရားဥပဒေစိုးမိုးရေးအဖွဲ့၏ ဆောင်ရွက်မှုကို နှောင့်နှေးစေခြင်း သို့မဟုတ် ပျက်ပြားစေခြင်း(ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဂ)၊ စစ်ကောင်စီတပ်သားများ သို့မဟုတ် အစိုးရအမှုထမ်းများကို ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း(ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃ)နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ တို့ပါဝင်သည်။

ထို့အပြင် အစိုးရဝန်ထမ်းတစ်ဦးအား ပြစ်မှုကျူးလွန်စေရန်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိတ်လန့်စေခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ မမှန်သတင်းများဖြန့်ခြင်း (ရာဇသတ်ကြီးပုဒ်မ ၅၀၅-က)၊ မတရားအသင်းအက်ဥပဒေအရ ပြစ်မှုများ၊ လက်နက်အက်ဥပဒေအရပြစ်မှုများ၊ လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဓားပြမှု၊ အဂတိလိုက်စားမှု၊ ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုများလည်းပါဝင်သည်။

ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၆၃ ခုနှစ်၊ အများနှင့်သက်ဆိုင်သော ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ ပြစ်မှုများ၊ သတင်းမီဒီယာဥပဒေအရ ပြစ်မှုများ၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေအရ ပြစ်မှုများ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအရပြစ်မှုများ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများလည်းပါဝင်သည်။

TNLA သည် ၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နမ့်ဆန်မြို့ကို ဒီဇင်ဘာလ (၁၅)ရက်နေ့၊ မန်တုံမြို့ကို ဒီဇင်ဘာလ(၂၂)ရက်‌နေ့နှင့် နမ္မတူမြို့ကို ဒီဇင်ဘာလ(၂၈)ရက်နေ့တို့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက မည်သည့်အတွက်ကြောင့် စစ်အုပ်ချုပ်ရေးကြေညာသည်ကို မသိရပေ။

TNLA ဘက်ကမူ စစ်ကောင်စီ၏ ယခုထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြန်လည်တုန့်ပြန်ထားခြင်းမရှိပေ။

#TachileikNewsAgency