ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို ထပ်သိမ်းပြီးနောက် လက်နက်ကြီးများနှင့် ခဲယမ်းများစွာကို MNDAA ထပ်မံရရှိ

ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို ထပ်သိမ်းပြီးနောက် လက်နက်ကြီးများနှင့် ခဲယမ်းများစွာကို MNDAA ထပ်မံရရှိ
နိုဝင်ဘာ 21, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ စစ်ကောင်စီ တပ်စခန်း(၃)ခုကို MNDAA က ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၀)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ထံမှ လက်နက်ကြီးများနှင့် ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်းတွင် MNDAAသည် ဟုန်ရှင်းဒေသ ရှင့်ထန်အုပ်စု၊ ချာလူကျိုင့်ရွာတွင် အခြေချသော စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ပြီးနောက် နေ့လယ်ပိုင်းတွင် ထပ်မံတိုက်ခိုက်ခဲ့ရာ စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး စက်သေနတ်(၁)လက်၊ ဗုံးသီး(၃၃)လုံး၊ RPG ယမ်းအား(၂၅)ခုတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ယင်းနေ့ နံနက်ပိုင်းတွင်ပင် ရှီးရှမ်း‌ဒေသ ရှောက်ကိုင်အုပ်စု၊ ဖောက်လုပ်တောင်တွင် အခြေချသော စစ်ကောင်စီ တပ်စခန်းကို (၃)ကြိမ် တိုက်ခိုက်ပြီးနောက် ထပ်မံသိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

ထို့အပြင် တရုတ်-မြန်မာ နယ်စပ်မျဉ်းအနီး ဖောက်လုပ်တောင်အနီးရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ညနေပိုင်းတွင်လည်း MNDAAသည် ရှင်းဝမ်ဒေသ ရှင်ဟွာအုပ်စု၊ ရှောက်တင့်ပါးနေရာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။

သိန္နီမြို့နယ်တွင်လည်း  ယင်းနေ့တွင် MNDAAသည် နန့်ပုံနေရာရှိ စစ်ကောင်စီတပ်ရင်း (၂၉၁)စခန်းကို (၃)ကြိမ်တိုက်ခိုက်ခဲ့ကာ ယနေ့အထိ မဟာမိတ်တပ်များသည် စစ်ကောင်စီ၏ တပ်စခန်း အကြီး၊ အသေး စုစုပေါင်း (၁၆၁)ခုကို သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : The Kokang