PNLO စစ်ဦးစီးချုပ်၏ မိသားစုပိုင်နေအိမ်ကို စစ်ကောင်စီလက်အောက်ခံ PNOက မီးရှို့ဖျက်ဆီး

PNLO စစ်ဦးစီးချုပ်၏ မိသားစုပိုင်နေအိမ်ကို စစ်ကောင်စီလက်အောက်ခံ PNOက မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဒုတိယ ဥက္ကဌ(၂)၊ စစ်ဦးစီးချုပ်၏ မိသားစုပိုင်နေအိမ်ကို စစ်‌ကောင်စီလက်အောက်ခံ(PNO)တပ်က ယမန်နေ့ ၂၀၂၄ ခုနှစ် ဧပြီလ (၂၀)ရက်နေ့က ဖြိုချဖျက်ဆီးကာ မီးရှို့လိုက်ကြောင်း သိရသည်။

အဆိုပါ နေအိမ်သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဒုတိယ ဥက္ကဌ(၂) စစ်ဦးစီးချုပ်၏ မိသားစုဝင်များက စုပေါင်းပိုင်ဆိုင်သည့် နေအိမ်ဖြစ်ပြီး တော်လှန်ရေးကို ဦးဆောင်နေသည့်သူ၏ နေအိမ်ဟုဆိုကာ PNOပြည်သူ့စစ်များက ဖျက်ဆီးလိုက်ဖြစ်ဖြစ်သည်ဟု PNLA က သတင်းထုတ်ပြန်သည်။

ထို့အပြင် နားခိုက်ကျေးရွာအတွင်းရှိ အခြား နေအိမ် (၆)လုံးကိုလည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ကို အားပေးသည့်သူများ၏ နေအိမ်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းနေအိမ်များကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် အုပ်ချုပ်ရေးမှူး ထွန်းနောင်ခေါင်းဆောင်သည့်အဖွဲ့များနှင့် PNO ပြည်သူ့စစ် အထူးကွန်မန်ဒိုတပ်ရင်းမှ တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) သည် စစ်အာဏာရှင်စနစ်ကို စတင်ဆန့်ကျင်တိုက်ခိုက်သည့်အချိန်ကတည်းကပင် ပအိုဝ်းအချင်းချင်း တိုက်ခိုက်မည်မဟုတ်ကြောင်း ထုတ်ပြန်အသိပေးခဲ့သည်။

ထိုသို့ ကျင့်သုံးသော်လည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ပအိုဝ်းဒေသကို လက်နက်ကြီးများ မီးလောင်ဗုံးများ လေယာဉ်များဖြင့် ပစ်ခတ်ဖျက်ဆီးနေသည့် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ကို စစ်ကြောင်းထိုးတိုက်ခိုက်ခြင်း ချုံခိုတိုက်ခိုက်ခြင်းများ ပြုလုပ်နေသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းများလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency