တာချီလိတ်မြို့တွင် ကျားဖြန့်နှင့် အွန်လိုင်းလောင်းကစားများကို အရေးယူနိုင်ရန် လုပ်ဆောင်နေပြီး တိမ်းရှောင်နိုင်ရန်လည်း ငွေကြေးရယူထားသည့် သက်ဆိုင်ရာများက ကြိုတင် လျှို့ဝှက်အသိပေးထား

တာချီလိတ်မြို့တွင် ကျားဖြန့်နှင့် အွန်လိုင်းလောင်းကစားများကို အရေးယူနိုင်ရန် လုပ်ဆောင်နေပြီး တိမ်းရှောင်နိုင်ရန်လည်း ငွေကြေးရယူထားသည့် သက်ဆိုင်ရာများက ကြိုတင် လျှို့ဝှက်အသိပေးထား
ဇန်နဝါရီ 28, 2024 | ရှမ်းရှေ့

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ကျားဖြန့် လုပ်ငန်းများနှင့် အွန်လိုင်းလောင်းကစားများကို စီမံချက်ဖြင့် အဖမ်းပြနိုင်ရန်နှင့် တည်နေရာများကို အထက်သို့ အစီရင်ခံနိုင်ရန် လုပ်ဆောင်နေကြောင်းနှင့် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသူများကိုလည်း တိမ်းရှောင်နိုင်ရန် သက်ဆိုင်ရာများက ကြိုတင်အသိပေးထားမှုများပါ လုပ်ဆောင်ထားကြောင်း သိရသည်။

၂၀၂၄ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့က နေပြည်တော်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေး"ပြုလုပ်ပြီး အဆိုပါ အစည်းအဝေးအတွင်း အွန်လိုင်းလောင်းကစားမှုများ၊ ငွေကြေး လိမ်လည်မှုများနှင့် ပတ်သက်၍ ထိထိရောက်ရောက် ဖော်ထုတ် အရေးယူဆောင်ရွက်သွားရမည်ဟု ပြောကြားလိုက်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးအပြီး တိုင်းနှင့်ပြည်နယ်များထဲက ရန်ကုန် နှင့် မန္တလေးတိုင်းအတွင်း အပါအဝင် နယ်စပ်ဒေသမြို့များရှိ တရုတ် ကျားဖြန့်လုပ်ငန်းများနှင့် အွန်လိုင်းဂိမ်း လောင်းကစားလုပ်ငန်းများကို ဖမ်းဆီးအရေးယူနိုင်ရန် တည်နေရာများ မြေပုံနှင့်တကွ ပုံဖော်ခြင်းနှင့် စာရင်းအတိအကျ ပြုလုပ်ခြင်းများ လုပ်ဆောင်နေကြပြီဖြစ်ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်များထံက သိရသည်။

အလားတူ မြန်မာ - ထိုင်း - လာအို နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင်လည်း ကျားဖြန့်လုပ်ငန်းများနှင့် အွန်လိုင်းဂိမ်း လောင်းကစားလုပ်ငန်းများကို အရေးယူပြနိုင်ရန် တည်နေရာအတိအကျ ပုံဖော်နေလျှက်ရှိပြီး ဖမ်းဆီးမှုများ မပြုလုပ်မီ တိမ်းရှောင်သွားနိုင်ရန် လစဉ် ငွေကြေးကောက်ခံနေသည့် စစ်တပ်မှ အရာရှိတချို့ နှင့် ရဲတပ်ဖွဲ့တို့က ကြိုတင် အသိပေးမှုများရှိနေ၍ တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်အချို့မှ ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ကြောင်းလည်း သိရသည်။

"တာချီလိတ်မှာ တရုတ်တွေကတော့ ရှိနေဆဲပါပဲ။ တရားဝင် ရောက်လာတဲ့ တရုတ်တွေလည်းရှိသလို တရားမဝင် ရောက်နေတဲ့ တရုတ်တွေလည်းရှိတယ်။ တရားဝင်ရောက်နေတဲ့ တရုတ်တွေကတော့ ဒီရက်ပိုင်းမှာ လေယာဉ်နဲ့ တာချီလိတ်လေဆိပ်ကနေ မန္တလေး၊ အဲ့ကနေ တဆင့် ထွက်သွားကြတာတွေလည်းရှိတယ်။ တချို့ဆို တာချီလိတ်ကနေ ပြေးပြီး မယ်ဆိုင်ဘက်ကို ချောင်းကနေ ခိုးဝင်လို့ ထိုင်းစစ်တပ်က ဖမ်းမိတာတွေလည်း ဒီရက်ပိုင်း ခဏခဏ တွေ့နေရတယ်။ သေချာတာကတော့ တပ်က လုပ်စားနေတဲ့ အရာရှိအချို့နဲ့ ရဲကတော့ သူတို့ကို ကြိုတင် သတင်းပေးပြီးသား။ တိမ်းရှောင်နိုင်အောင် ကြိုတင်သတင်းပေးတော့ သူတို့လည်း လစဉ် ရတဲ့ ငွေကြေးထက် ပိုရသွားတယ်ပေါ့ဗျာ"ဟု နယ်မြေခံတပ်နှင့် နီးစပ်သူ တစ်ဦးက Tachileik News Agency သို့ ဇန်နဝါရီလ(၂၈)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင် ကျားဖြန့် နှင့် အွန်လိုင်းလောင်းကစားများကို မည်သည့်နေ့တွင် အဖမ်းပြမည်ကို ရက်အတိအကျ မသိရသေးသော်လည်း နယ်မြေခံတပ်နှင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး လုပ်ဆောင်နေလျှက်ရှိကြောင်း သိရသည်။

"တာချီလိတ်ရဲ့ ထုံးစံအတိုင်း အဖမ်းပြမှာလား တကယ်လုပ်မလားဆိုတာကတော့ ခရိုင်ရဲမင်းကြီးနဲ့စစ်ဗျူဟာမှူးပေါ်ပဲ မူတည်တာပေါ့ဗျာ။ ကျွန်တော်တို့အဆင့်က ဘာမှ မှ လုပ်လို့မှမရတာ၊ သူတို့ ခိုင်းတာပဲ လုပ်ရတာဆိုတော့ ပြောရခက်တယ်။ ကျွန်တော်တို့ တပ်ဖွဲ့အနေနဲ့ မြေပေါ်ပုံမှာရပ်ကွက်အလိုက် တည်နေရာ ပုံဖော်တာတွေ  စီမံချက်ဆွဲတာတွေ လုပ်နေကြပါတယ်"ဟု အမည်မဖော်လိုသည့် ခရိုင်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် တရုတ်လုပ်ငန်းရှင်နှင့် အဖွဲ့အစည်းအချို့ ပိုင်ဆိုင်သည့် နာမည်ကြီး KTV များတွင် တရားမဝင် တရုတ်နိုင်ငံသားများကို ဝှက်ပေးထားသည်များလည်းရှိပြီး ယင်းသို့ လုပ်ဆောင်ပေးထားသည်ကိုလည်း နယ်မြေခံတပ်က သိရှိထားသည်ဟုလည်း စစ်တပ်နှင့်နီးစပ်သူများထံက သိရသည်။

တာချီလိတ်မြို့မှာ စစ်တပ်က အရာရှိအချို့နဲ့ ရဲတပ်ဖွဲ့က လစဉ် အွန်လိုင်းဂိမ်းတွေ၊ ကျားဖြန့်တွေကနေ ငွေအများအပြားရနေတော့ ဒေသတွင်းက ခိုးဆိုးလုယက်မှုတွေကိုလည်း စိတ်မဝင်စားတော့ဘူး။ တရုတ်တွေနဲ့ပတ်သက်တာဆိုရင် ငွေညစ်မယ်ဆိုတာတွေပဲ သူတို့ စိတ်ဝင်စားတယ်။ အဲ့ဒါတော့ ဒါတွေ သိသိသာသာ ပပျောက်သွားရင် ဒေသတွင်း နေ့စဉ်ဖြစ်ပျက်နေတဲ့ ခိုးဆိုးလုယက်မှုတွေကို ကိုင်တွယ်နိုင်မယ်လို့ မျှော်လင့်တယ်"ဟု အမည်မဖော်လိုသည့် မြို့မိမြို့ဖ တစ်ဦးက အကြံပြုပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် ကျားဖြန့်လုပ်ငန်းများမှာ ပြိုကွဲသွားပြီး မြန်မာ - ထိုင်းနယ်စပ်ဒေသဘက်သို့ ရွှေ့ပြောင်းလာကြရာတွင် တာချီလိတ်မြို့လည်း အပါအဝင်ဖြစ်ရာ တာချီလိတ်မြို့တွင်  ဆန်ဆိုင်း(က)ရပ်ကွက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝိန်းကျောက်ရပ်ကွက်၊ ရန်အောင်မြေရပ်ကွက်၊ ပါဆပ်ရပ်ကွက်၊ ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်၊ ဝမ်လုံးကျေးရွာအုပ်စု နှင့် ဖန်မင်ကျေးရွာအုပ်စုတို့တွင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေလျှက်ရှိကြောင်းကို နယ်မြေခံတပ်နှင့်ရဲတပ်ဖွဲ့က သိရှိပြီးသားဖြစ်ကြောင်း သိရှိရသည်။