ရန်ကုန်လေဆိပ် လုံခြုံရေးအရာရှိချုပ် ဗိုလ်မှူးဟောင်း ရဲခိုင် ပစ်ခတ်ခံရ

ရန်ကုန်လေဆိပ် လုံခြုံရေးအရာရှိချုပ် ဗိုလ်မှူးဟောင်း ရဲခိုင် ပစ်ခတ်ခံရ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လုံခြုံရေးအရာရှိချုပ်ဖြစ်သူ ဗိုလ်မှူးဟောင်း ရဲခိုင်ဆိုသူ ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၉)ရက် ယနေ့ ညပိုင်းတွင် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း သိရသည်။ 

၎င်းသည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့စစ်ဆေးခြင်း၊ တော်လှန်ရေးနှင့် CDM လှုပ်ရှားမှုတွင် ပါ ဝင်သူများအား ပြည်ပထွက်ခွါခွင့်ပိတ်ပင်ခြင်းနှင့် ဖမ်းဆီးခြင်း၊ပြည်ပသို့ ပညာသင်ရန် (သို့) အလုပ်လုပ်ရန် ထွက်ခွါမည့်သူများအား ငွေညှစ်အနိုင်ကျင့်ခြင်းတို့တွင် ၎င်းကိုယ်တိုင်ပါဝင်သည်ဟု သိရ သည်။

ထို့အပြင် ပြည်သူဘက်ရပ်တည်သော အနုပညာရှင်များအား ဖမ်းဆီးခြင်း၊ မြန်မာပြည်၏ ထင်ရှားကျော်ကြားသူများကို ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်း၊ သာမန်ခရီးသွားပြည်သူများအား ငွေညှစ်ခြိမ်းခြောက်ခြင်း၊ စစ်ဆေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး စစ်ကြောရေးပို့ဆောင်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်ရာတွင် ဦးဆောင်ပါဝင်သူဖြစ်သည်ဟုလည်း သိရသည်။

ပစ်ခတ်ခံရသူ ရဲခိုင်သည် စစ်တက္ကသိုလ် အပတ်စဥ်(၄၂)ဆင်း လေတပ်အရာရှိ ဗိုလ်မှူးတစ်ဦးဖြစ်ပြီး စစ်တပ်၏ စီးပွားရေးထောက်တိုင် Asia World ထွန်းမြင့်နိုင်၏ လူယုံတစ်ဦးဖြစ်ကာ အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း၏ တပည့်ရင်းလည်း ဖြစ်သည်ဟု သိရသည်။

၎င်းကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် Urban Owlsက ရှင်းလင်းခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့် လပိုင်းကလည်း စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင် မင်းတေဇညွန့်တင် ပစ်ခတ်ခံရသေးသည်။

#TachileikNewsAgency

Photo: Urban Owls