လိုင်ဇာခရိုင် အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲများ ဖြစ်ပွားလာနိုင်သဖြင့် သတိထားသွားလာကြရန် KIO စာထုတ်သတိပေး

လိုင်ဇာခရိုင် အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲများ ဖြစ်ပွားလာနိုင်သဖြင့် သတိထားသွားလာကြရန် KIO စာထုတ်သတိပေး

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၏ လိုင်ဇာခရိုင် အုပ်ချုပ်မှုနယ်မြေအတွင်း စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများ သတိထားသွားလာကြရန် လိုင်ဇာခရိုင် အုပ်ချုပ်ရေးရုံးမှ ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၄)ရက်နေ့တွင် ထုတ်ပြန်လာသည်။ 

အဆိုပါဒေသအတွင်း စစ်ကောင်စီတပ်များ စစ်ကြောင်းလှုပ်ရှားလာသဖြင့် ဗန်းမော်-မြစ်ကြီးနား ကားလမ်းတစ်လျှောက် သွားလာခြင်းကို အတတ်နိုင်ဆုံး ရှောင်ရှားရန်၊ ကား၊ ဆိုင်ကယ်၊ ခြေကျင်ခရီးများဖြင့် မလွဲမရှောင်သာ သွားလာရမည့် အကြောင်းကိစ္စများ ပေါ်လာပါက စစ်ရေးသတင်းများကို သတိထားနားစွင့်ပြီးမှ သွားလာကြရန် ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်နှင့် နီးစပ်သည့်နေရာများသို့ သွားလာခြင်းမပြုရန်၊ တိုက်ပွဲဖြစ်ပွားနိုင်သည့်နေရာနှင့် ဖြစ်ပွားလေ့ရှိသည့် နေရာများသို့ သွားလာခြင်းမပြုရန်နှင့် စစ်ကောင်စီတပ်၏ အသုံးချခံရခြင်း မခံရရန်အတွက် ရှောင်ရှားကြရန်လည်း ထုတ်ပြန်ထား သည်။

KIAဌာနချုပ်အနီးရှိ နမ်ဆန်ယန်ကျေးရွာဝန်းကျင်၌ ဇူလိုင်လ (၃)ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်များက စစ်ရေးလှုပ်ရှားလာပြီးနောက်

ယနေ့ ဇူလိုင်လ(၄)ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားနေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် ယနေ့ ဇူလိုင်လ(၄)ရက်နေ့ နံနက်ပိုင်းတွင်ပင် ဗန်းမော်ဘက်မှတဆင့် စစ်အင်အားထပ်မံဖြည့် တင်းလာခြင်းများလည်းရှိကြောင်း ဒေသခံများကပြောသည်။

နမ်ဆန်ယန် ကျေးရွာသည် ၂၀၁၁ ခုနှစ်တွင် တကျော့ပြန်ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် ထွက်ပြေးခဲ့ရသည့် ကျေးရွာဖြစ်သည်။

#TachileikNewsAgency

Photo : Kachinwaves