ယင်းမာပင်ခရိုင်တပ်ရင်း(၄)ရင်း ဗိုလ်နဂါး၏ ဦးဆောင်မှု အောက်ကနေ ထွက်ခွာပြီး NUG ၏ တပ်ရင်းများအဖြစ် ဆက်လက်ရပ်တည်ကြောင်း ထုတ်ပြန်

ယင်းမာပင်ခရိုင်တပ်ရင်း(၄)ရင်း ဗိုလ်နဂါး၏ ဦးဆောင်မှု အောက်ကနေ ထွက်ခွာပြီး NUG ၏ တပ်ရင်းများအဖြစ် ဆက်လက်ရပ်တည်ကြောင်း ထုတ်ပြန်

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်ရှိ ဗိုလ်နဂါး၏ တပ်ရင်း(၄)ရင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ တပ်ရင်းများအဖြစ် ဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၆)ရက်နေ့တွင် သက်ဆိုင်ရာတပ်ရင်းမှူးများက သတင်းထုတ်ပြန်လာသည်။

အဆိုပါတပ်ရင်းများသည် ဗိုလ်နဂါး၏ မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)နှင့် သက်ဆိုင်ခြင်းမရှိတော့ဘဲ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ တပ်ရင်းများအဖြစ် ဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၂)ရက်နေ့တွင် NUGထံ အကြောင်းပြန်ကြားခဲ့သည်ဟု ဆိုသည်။

ယင်းမာပင်ခရိုင် တပ်ရင်း(၃)၊(၄)၊(၅)၊(၆)တို့သည် ယခင်က ဗိုလ်နဂါးလက်အောက် MRDA တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ရာက NUG လက်အောက်သို့ ပြောင်းလဲခဲ့သည့် တပ်ရင်းများဖြစ်ကာ ပြီးခဲ့သည့် ရက်ပိုင်းက ယင်းတပ်ရင်းများအား NUGက ဆိုင်းငံ့၊ ပယ်ဖျက်ခြင်းများ လုပ်ဆောင်ခဲ့သည်။ 

ဩဂုတ်လ (၁၅)ရက်နေ့ကပြုလုပ်သည့် MRDA အဖွဲ့၏ ဆွေးနွေးပွဲတွင် ဗိုလ်နဂါးမှ တပ်ရင်းမှူးများ၊ ဒုတပ်ရင်းမှူးများ၊ စစ်ကြောင်းမှူးများနှင့် ဒေသတွင်းခေါင်းဆောင်များကို NUG ကာကွယ်ရေးဝန်ကြီးဌာနမှ အဆိုပါ တပ်ရင်း(၄)ရင်းကို လစဉ်ထောက်ပံ့နေသည့် ထောက်ပံ့ငွေများကို ဩဂုတ်လမှစ၍ ရပ်ဆိုင်းကြောင်းနှင့် ၄င်း၏ မြန်မာ့‌တော်ဝင်နဂါးတပ်တော်(MRDA)အနေဖြင့်လည်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင် ရပ်တည်တော့မည်မဟုတ်ဘဲ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)အဖြစ် ဖွဲ့စည်းပြီး သီးသန့်ရပ်တည်မည်ဖြစ်ကြောင်း ဖွဲ့စည်းပုံမူဝါဒများကို ချပြရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တပ်ရင်းမှူးများက NUG ကာကွယ်ရေးဝန်ကြီးဌာနထံ တပ်ရင်းများ ဆိုင်းငံ့၊ ပယ်ဖျက်ခြင်းကိစ္စများ သိရှိရန် ၄င်းတို့ကိုယ်တိုင် ဆက်သွယ်မေးမြန်းလိုကြောင်းနှင့်  ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင် ဆက်လက်ရပ်တည်သွားရန် ဆွေးနွေးသင့်ကြောင်းတင်ပြခဲ့ရာ NUG လက်အောက်တွင် ဆက်လက်ရပ်တည်မည်ဆိုပါက ၎င်း၏ ဦးဆောင်မှုအောက်မှထွက်ပြီး ၎င်းဦးဆောင်ဝယ်ယူထားသည့် လက်နက်ခဲယမ်း၊ စစ်သုံးပစ္စည်းများအားလုံးကိုအပ်နှံရန် ဗိုလ်နဂါးက ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။

#TachileikNewsAgency