ပြည်သူများ၏ လုံခြုံရေး နှင့် စီးပွားရေးကို ထိပါးလာသည့် လောင်းကစားဝိုင်းများနှင့် လောင်းကစားနည်းအားလုံးကို လုံးဝခွင့်ပြုမည် မဟုတ်ဟု မတ္တရာ PDF သတင်း ထုတ်ပြန်

ပြည်သူများ၏ လုံခြုံရေး နှင့် စီးပွားရေးကို ထိပါးလာသည့် လောင်းကစားဝိုင်းများနှင့် လောင်းကစားနည်းအားလုံးကို လုံးဝခွင့်ပြုမည် မဟုတ်ဟု မတ္တရာ PDF သတင်း ထုတ်ပြန်
ဖေဖော်ဝါရီ 19, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ လောင်းကစားဝိုင်းများနှင့် လောင်းကစားနည်းအားလုံးကို ဖွင့်လှစ်ကစားခြင်းများ လုံးဝခွင့်ပြုမည် မဟုတ်ကြောင်း မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြည်သူများ၏ လုံခြုံရေး၊ စီးပွားရေး၊ နေ့စဉ်လူမှုဘဝများကို ထိပါးနှောက်ယှက် ခြိမ်းခြောက်လာပြီဖြစ်သဖြင့် ယင်းသို့ သတိပေးလိုက်ခြင်းဖြစ်ပြီး မလွှဲမရှောင်သာ အရေးယူမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့်လည်း လောင်းကစားဝိုင်းများနှင့် နီးနီးကပ်ကပ်ရှိမနေကြရန် မေတ္တာရပ်ခံထားသည်။

မတ္တရာမြို့နယ်အတွင်း ဂျင်ဝိုင်း၊ ကြက်ဝိုင်း၊ ဖဲဝိုင်းနှင့် ဂလုန်းဂလုန်းကဲ့သို့ လောင်းကစားဝိုင်းများ၊ စမာကလာခေါ် (၂၄)ရုပ်ပါသည့် မဲကစားဝိုင်းများကဲ့သို့ အလတ်စားလောင်းကစားဝိုင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလောင်းကစားဝိုင်းများကြောင့် ခိုးမှု၊ လုယက်မှုနှင့် ခိုက်ရန် ဖြစ်ပွားမှုများသည် ပြည်သူများ၏ လုံခြုံရေးကိုသာမက အကျင့်စာရိတ္တကိုပါ ထိပါးနှောက်ယှက်လာနေကြောင်း ဒေသခံများ၏ တိုင်ကြားချက်အရ ယင်းသို့သတိပေးခြင်းဖြစ်သည်ဟု သိရသည်။

စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း မြို့ပြ၊ ကျေးရွာများ၏ အုပ်ချုပ်ရေးယန္တရားများ အကျင့်ပျက်ခြစားမှုကြောင့် မြို့ရွာအများစုတွင် လောင်းကစားဝိုင်းများ ပေါ်ပေါက်လာခြင်းဖြစ်သည်။