စစ်ကောင်စီ ဗဟိုဘဏ်က Money Changer ကုမ္ပဏီ ၁၃ ခုကို ထပ်မံပိတ်သိမ်း

စစ်ကောင်စီ ဗဟိုဘဏ်က Money Changer ကုမ္ပဏီ ၁၃ ခုကို ထပ်မံပိတ်သိမ်း

အာဏာသိမ်းစစ်ကောင်စီ၏ ဗဟိုဘဏ်က ၎င်းတို့ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကို မလိုက်နာသည့်အတွက် Money Changer ကုမ္ပဏီ(၁၃)ခုကို ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ(၁၄)ရက်နေ့က စတင်ပိတ်သိမ်းကြောင်း ယနေ့ ဩဂုတ်လ (၁၅)ရက်နေ့တွင် ထုတ်ပြန်လာသည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်က ခွင့်ပြုချက်ထုတ်ပေးထားသည့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရကုမ္ပဏီ(၁၃)ခုကို အမိန့်နှင့် ညွှန်ကြားချက်များအား လိုက်နာမှုမရှိသည့်အတွက် လုပ်ငန်းလိုင်စင်များကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။ 

လိုင်စင်များ ပြန်လည်ရုပ်သိမ်းခံလိုက်ရသည့် ကုမ္ပဏီများမှာ Prime Residence ကုမ္ပဏီ၊ West Line ကုမ္ပဏီ၊ IMA ကုမ္ပဏီ၊ Great Father Great Sons General Trading ကုမ္ပဏီ၊ Gold Foil ကုမ္ပဏီ၊ Big Lion Game ကုမ္ပဏီ၊ Global International Investment & Development ကုမ္ပဏီ၊ World Fortune International Finance Group Share ကုမ္ပဏီ၊ Myat Nan Yone Service ကုမ္ပဏီ၊ LP Holding ကုမ္ပဏီ၊ Golden Myanmar Asia Crown Travels & Tours ကုမ္ပဏီ၊ Yangon KSA Travels & Tours ကုမ္ပဏီနှင့် Balance ကုမ္ပဏီတို့ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ(၃)ရက်နေ့ကလည်း Oake Khaung Travel၊ Senjo Royal Myanmar၊ Dawei Popular၊ Zam Myo၊ Phyo Thet (PT)၊ Sky Bound၊ Myanmar MCG Corporation၊ Htwe and Htwe Family၊ Won Won၊ United Eleven၊ Myanmar Alinkar Hotel Group၊ Cartel၊ Super Phoneix၊ Golden Falcon Shipping၊ Fairness Travels & Tours၊ Yadanar Bon Travels & Tours၊ Myanmar National Airlines၊ Dewant Financial Loan Microfinance၊ Treasure Su နိုင်ငံခြားငွေလဲကုမ္ပဏီတို့ကို စစ်ကောင်စီက ပိတ်သိမ်းခဲ့သေးသည်။ 

စစ်တပ်အာဏာသိမ်းထားသည့် (၂)နှစ်ကျော်ကာလအတွင်း တိုင်းပြည်စီးပွားရေး မတည်ငြိမ်မှုများကြောင့် နိုင်ငံခြားငွေတန်ဖိုး အဆမတန်မြင့်တတ်လာကာ ဈေးနှုန်းတည်ငြိမ်မှုမရှိသည့် အခြေအနေကို ထိန်းချုပ်နိုင်ရန် ဗဟိုဘဏ်က ငွေကြေးဆိုင်ရာ ကန့်သတ်ချက်များ ထုတ်ပြန်ကြေညာခဲ့သေးသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာကျပ်‌ငွေတန်ဖိုးကျဆင်းကာ နိုင်ငံခြားငွေပြတ်လပ်ခြင်းနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် တရုတ်(ယွမ်)၊ ထိုင်း(ဘတ်)ငွေများကိုပင် နိုင်ငံခြားကုန်သွယ်ရေးငွေကြေးအဖြစ် သတ်မှတ်နေရသည်။

လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ်(၃၇၀၀)ရှိနေပြီး ထိုင်းတစ်ဘတ်လျှင် ငွေကျပ်(၁၀၃)ကျပ်ပေါက်စျေးရှိနေကြောင်း သိရသည်။

#TachileikNewsAgency