အမေရိကန်က ထွန်းမင်းလတ်၏ ဇနီး အပါအဝင် မြန်မာစစ်အုပ်စုအတွက် လေယာဥ်ဆီ ပေးသွင်းနေသူများကို ပစ်မှတ်ထားသည့် ဒဏ်ခတ် ပိတ်ဆို့မှု အသစ်များ ချမှတ်

[ အနီရောင်ဖြင့် ဝိုင်းပြထားသည်မှာ မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားအဖြစ် လုပ်ကိုင်ခဲ့ပြီး ယခုအခါ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသူ  ထွန်းမင်းလတ် ဖြစ်သည် ]
[ အနီရောင်ဖြင့် ဝိုင်းပြထားသည်မှာ မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားအဖြစ် လုပ်ကိုင်ခဲ့ပြီး ယခုအခါ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသူ ထွန်းမင်းလတ် ဖြစ်သည် ]
အမေရိကန်က ထွန်းမင်းလတ်၏ ဇနီး အပါအဝင် မြန်မာစစ်အုပ်စုအတွက် လေယာဥ်ဆီ ပေးသွင်းနေသူများကို ပစ်မှတ်ထားသည့် ဒဏ်ခတ် ပိတ်ဆို့မှု အသစ်များ ချမှတ်



အမေရိကန်က ထွန်းမင်းလတ်၏ ဇနီး အပါအဝင်  မြန်မာစစ်အုပ်စုနှင့် ဆက်နွယ်သည့် ကုမ္ပဏီအဖွဲ့အစည်းများကို ပစ်မှတ်ထားသည့် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုများ ၂၀၂၃ခုနှစ် မတ်လ (၂၄) ရက်နေ့တွင် ကြေညာသည်။

အမေရိကန်ဘဏ္ဍာရေးဌာနက မတ်လ (၂၄) ရက်တွင် ကြေညာလိုက်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများတွင် မြန်မာစစ်တပ်၏ လေယာဥ်များအတွက် လောင်စာဆီထောက်ပံ့ပေးသွင်းနေသူများကို ပစ်မှတ်ထားခဲ့ပြီး မြန်မာနိုင်ငံ အခြေစိုက် Asia Sun Group ၊ Asia Sun Trading နှင့် Cargo Link Petroleum Logistics ကုမ္ပဏီတို့ကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်သည်။ 

Asia Sun Group က မြန်မာစစ်တပ်အတွက် ဂျက်လေယာဥ်ဆီများ အဓိက ပေးသွင်းနေပြီး ကနေဒါနှင့် ဥရောပသမဂ္ဂကလည်း ထိုကုမ္ပဏီကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားသည်။

Asia Sun Trading ကုမ္ပဏီမှာ မြန်မာစစ်တပ်ကိုယ်စား ဂျက်လေယာဥ်ဆီများ ဝယ်ယူပေးနေပြီး သီလဝါဆိပ်ကမ်းမှတစ်ဆင့် နိုင်ငံအတွင်းသို့ တင်သွင်းနေသည်။

 Cargo Link Petroleum Logistics က ၎င်း၏ လောင်စာဆီတင်ယာဥ်များဖြင့် မြန်မာနိုင်ငံတဝန်းရှိ စစ်တပ်အခြေစိုက်စခန်းများသို့ လောင်စာဆီများကို ပို့ဆောင်ပေးနေသည့် ကုမ္ပဏီဖြစ်သည်။ 



ထို့အတူ မြန်မာစစ်တပ်နှင့် ဆက်စပ်နေသူများ သို့မဟုတ် ပစ္စည်းကိရိယာများ ထောက်ပံ့ပေးသွင်းသူများကိုလည်း အမေရိကန်ဘဏ္ဍာရေးဌာနက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ရာ စစ်အုပ်စုခေါင်းဆောင် မိသားစုနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူ ဒေါ်ဝင်းမင်းစိုးနှင့် ၎င်း၏ကုမ္ပဏီများဖြစ်သော Star Sapphire Group of Companies နှင့် Star Sapphire Trading Company Limited တို့ ပါဝင်ကြောင်း သိရသည်။

 ဒေါ်ဝင်းမင်းစိုးမှာ ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးမှု၊ ငွေးကြေးခဝါချမှုတို့ဖြင့် ဖမ်းဆီးခံထားရသူ မြန်မာစီးပွားရေးလုပ်ငန်းရှင် ထွန်းမင်းလတ်၏ ဇနီးဖြစ်သည်။

ထွန်းမင်းလတ်က မြန်မာစစ်တပ်အတွက် ဒရုန်းများနှင့် လေယာဥ်အစိတ်အပိုင်းများ အပါအဝင် စစ်လက်နက်ပစ္စည်းများကို တင်သွင်းရန် Star Sapphire Group of Companies နှင့် Star Sapphire Trading Company Limited ကုမ္ပဏီတို့ကို အသုံးချခဲ့သည်။

 မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားအဖြစ် လုပ်ကိုင်နေသူ ထွန်းမင်းလတ်မှာ စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိသားစုနှင့် ရင်းနှီးသူလည်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း ထွန်းမင်းလတ်ကို ဖမ်းဆီးခဲ့စဥ်က စစ်အုပ်စုခေါင်းဆောင်၏သား အောင်ပြည့်စုံနှင့် သမီး ခင်သီရိသက်မွန်တို့၏ ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများနှင့် ဘဏ်စာအုပ်များကို သိမ်းဆည်းရမိခဲ့သည်။



၎င်းတို့က စစ်အုပ်စုအတွက် ဂျက်လေယာဥ် လောင်စာဆီများကို တင်သွင်းခြင်း၊ သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ အပါအဝင်  မြန်မာပြည်သူများကို ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက် လုပ်ဆောင်နိုင်ရန် ကူညီပေးနေကြောင်း အမေရိကန်က ဆိုသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ကသောင်းကနင်း အခြေအနေများ ဖြစ်ပေါ်လာခဲ့ပြီး ဘက်ပေါင်းစုံ ချွတ်ခြုံကျပြီး အကျပ်အတည်းဆိုက်နေခဲ့သည်။

စစ်အုပ်စုက အာဏာသိမ်းမှုကို ဆန့်ကျင်သူများအပေါ် အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် အမေရိကန်နှင့် အခြား အနောက်အုပ်စုနိုင်ငံများက စစ်အုပ်စုအဖွဲ့ဝင်များ၊ စစ်အုပ်စုလက်အောက်ခံ အစိုးရဌာနများနှင့် စစ်တပ်ပိုင်ကုမ္ပဏီများကို ပစ်မှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်တိုက် လုပ်ဆောင်လာခဲ့သည်။ 

စစ်အုပ်စုက မြန်မာပြည်သူများကို ရက်စက်ကြမ်းကြုတ်မှုများနှင့် အကြမ်းဖက်မှုများ ဆက်လက် ကျူးလွန်နေခဲ့ကြောင်းနှင့် အရပ်သားနေရာများကို လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေခဲ့ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက ပြောသည်။

မြန်မာနိုင်ငံအလယ်ပိုင်းရှိ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုနှင့် ကချင်ပြည်နယ်တွင် လူ (၈၀) ဦးအထိ သေဆုံးခဲ့သည့် လေကြောင်းတိုက်ခိုက်မှုတို့ကို အမေရိကန်ဘဏ္ဍာရေးဌာနက ကိုးကားထားသည်။ 

"မြန်မာစစ်အုပ်စုက ကိုယ့်ပြည်သူကို ပျက်စီးဆုံးရှုံးစေပြီး ဒုက္ခရောက်အောင် ဆက်လုပ်နေတယ်" ဟု အမေရိကန်ဘဏ္ဍာရေးဌာန၏ Under Secretary for Terrorism and Financial Intelligence ဘရိုင်ယန်နယ်လ်ဆင်က ထုတ်ပြန်ချက်တွင် ပြောထားသည်။

 Source: U.S. Department of the Treasury, Reuters