James Webb အာကာသကြည့်မှန်ပြောင်းက ဂျူပီတာဂြိုဟ်၏ အံ့မခန်းဖွယ်မြင်ကွင်းကို ထုတ်ဖော်ပြသ

James Webb အာကာသကြည့်မှန်ပြောင်းက ဂျူပီတာဂြိုဟ်၏ အံ့မခန်းဖွယ်မြင်ကွင်းကို ထုတ်ဖော်ပြသ
သြဂုတ် 24, 2022 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်အာကာသအေဂျင်စီ NASA ၏ ကမ္ဘာ့အကြီးဆုံးနှင့် အားအကောင်းဆုံး အာကာသကြည့်မှန်ပြောင်းကြီး James Webb Space Telescope (JWST) မှ ရရှိခဲ့သည့် ဂျူပီတာဂြိုဟ်၏ အံ့မခန်းဖွယ် ပုံရိပ်များကို ထုတ်ဖော်ပြသလိုက်သည်။ 

JWST က နေအဖွဲ့အစည်း၏ အကြီးဆုံးဂြိုဟ်ဖြစ်သော ဂျူပီတာဂြိုဟ်၏ ပုံရိပ်များကို ဇူလိုင်လအတွင်းက ရယူခဲ့ခြင်းဖြစ်သည်။

ထိုပုံရိပ်များတွင် အနီရောင်အစိမ်းရောင် အလင်းတန်းများ၊ ဧရာမမုန်တိုင်းကြီးများ၊ လများနှင့် ဂျူပီတာဂြိုဟ်ပတ်လည်မှကွင်းများကို အသေးစိတ် မြင်တွေ့ရပြီး နက္ခတ္တေဗဒပညာရှင်များက မယုံနိုင်လောက်အောင် ထူးခြားသည်ဟု ပြောကြသည်။ 

အနီအောက်ရောင်ခြည် ဓာတ်ပုံများကို အသွင်အပြင် ထင်ရှားစေရန် အရောင်ထည့်သွင်းထားသည်။ 

အနီအောက်ရောင်ခြည်ကို လူ့မျက်စိဖြင့် မမြင်နိုင်ခြင်းကြောင်း ထိုသို့ အရောင်ထည့်သွင်းထားခြင်းလည်း ဖြစ်သည်။

"ကျွန်မတို့ ဂျူပီတာကို အရင်က ဒီလိုမျိုး မမြင်ခဲ့ဖူးဘူး။ မယုံနိုင်လောက်အောင်ပါပဲ။ ရိုးရိုးသားသားပြောရရင် ပုံရိပ်တွေ ဒီလောက်ကောင်းမွန်လိမ့်မယ်လို့ ကျွန်မတို့ အမှန်တကယ် မမျှော်လင်ခဲ့ဘူး" ဟု ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဂြိုဟ်များဆိုင်ရာ နက္ခတ္တေဗဒပညာရှင် Imke de Pater က ပြောသည်။



အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံ ကုန်ကျခဲ့သည့် JWST မှာ အမေရိကန်အာကာသအေဂျင်စီ NASA က ဦးဆောင်ပြီး ဥရောပအာကာသအေဂျင်စီနှင့် ကနေဒါအာကာသအေဂျင်စီတို့မှ မိတ်ဖက်များနှင့် ပူးပေါင်းလုပ်ဆောင်သည့် နိုင်ငံတကာမစ်ရှင်တစ်ခုဖြစ်သည်။

ဂျူပီတာဂြိုဟ် သီးသန့်မြင်ကွင်းကို JWST အာကာသကြည့်မှန်ပြောင်းမှ ရရှိခဲ့သော ပုံရိပ်များကို ပေါင်းစပ်ဖန်တီးထားပြီး အနီရောင်အစိမ်းရောင် အလင်းတန်းများက ဂျူပီတာ၏ မြောက်ဘက်နှင့် တောင်ဘက် ဝင်ရိုးစွန်းနှစ်ခုလုံးအထက် ကောင်းကင်အမြင့်ပိုင်းသို့ ရောက်ရှိနေသည်ဟု NASA က ပြောသည်။ 

‌အနီရောင်အစိမ်းရောင် အလင်းတန်းများမှာ နေကြောင့်ဖြစ်ပေါ်လာသည့် ကောင်းကင်တွင် မြင်တွေ့ရသော အလင်းတန်းများဖြစ်သည်။

ထိုအတောအတွင်း ဂျူပီတာဂြိုဟ်ပေါ်ရှိ Great Red Spot ခေါ် ကမ္ဘာကိုဝါးမြိုသွားနိုင်သည့် အလွန်ကြီးမားသည့် ဧရာမမုန်တိုင်းကြီးကို အဖြူရောင်အဖြစ် မြင်တွေ့ရသည်။ ထိုမုန်တိုင်းကြီးကို နေရောင်ခြည် များစွာထင်ဟပ်မှုကြောင့် အဖြူရောင်ဖြစ်နေသည်ဟု ဆိုသည်။ 

JWST အာကာသကြည့်မှန်ပြောင်းကြီးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း အာကာသအတွင်းသို့ လွှတ်တင်ခဲ့ပြီး ယခုအခါ ကမ္ဘာမြေပြင်မှ မိုင်ပေါင်း (၁) သန်းခန့် အကွာအဝေးတွင် ရှိနေသည်။

JWST က လွန်ခဲ့သည့် နှစ်ပေါင်း (၁၃) ဘီလီယံက ကမ္ဘာမြေသို့ စတင်ဦးတည်လာသည့် အလင်းကို ထောက်လှမ်းနိုင်သည်။ 

JWST မှာ ယခင်က ကျော်ကြားသည့် Hubble အာကာသကြည့်မှန်ပြောင်းနေရာကို အစားထိုးခဲ့ပြီး အနည်းဆုံး လာမည့် နှစ်ပေါင်း (၂၀) ကြာ အာကာသစူစမ်းရှာဖွေရေးအတွက် အဓိကကျလိမ့်မည်ဟု မျှော်မှန်းထားသည်။

JWST အာကာသကြည့်မှန်ပြောင်းကြီးမှတစ်ဆင့် ရရှိခဲ့သည့် ပထမဆုံး ပုံရိပ်များကို ဇူလိုင်လ (၁၁) ရက်နှင့် (၁၂) ရက်တို့တွင် NASA က ထုတ်ပြန်ပြသခဲ့သေးသည်။ 

နှစ်ပေါင်းဘီလီယံနှင့်ချီသော စကြဝဠာဆင့်ကဲဖြစ်စဥ်ကို လှစ်ဟပြသမှုအဖြစ် NASA က ရင်သပ်ရှုမောဖွယ် ထိုပုံရိပ်များကို ထုတ်ပြန်ပြသလိုက်ခြင်းလည်း ဖြစ်သည်။ JWST မှ ရရှိခဲ့သည့် ပုံရိပ်များမှာ မျှော်လင့်ထားသည်ထက်ပင် ပိုမိုကြည်လင်တောက်ပနေသည်ဟု ဆိုသည်။

Source: BBC, CNN

Photo: NASA/ESA/CSA/JUPITER ERS TEAM/JUDY SCHMIDT