(၁၇) နှစ်အတွင်း ဇာတိမြို့ ချင်းမိုင်သို့ ပထမဆုံးအကြိမ် ပြန်ရောက်လာသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်

(၁၇) နှစ်အတွင်း ဇာတိမြို့ ချင်းမိုင်သို့ ပထမဆုံးအကြိမ် ပြန်ရောက်လာသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်
By Mr John

 ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက ၎င်း၏ မွေးရပ်ဇာတိမြို့ဖြစ်သည့် ချင်းမိုင်သို့ (၃) ရက်ကြာ အလည်အပတ် ခရီးစဥ်ကို ၂၀၂၄ ခုနှစ် မတ်လ (၁၄) ရက်နေ့တွင် စတင်ခဲ့ကြောင်း သိရသည်။ 

ယခုခရီးစဥ်မှာ ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ပထမဆုံး ဘန်ကောက်မြို့ အပြင်ဘက် ခရီးစဥ်လည်း ဖြစ်သည်။

သက်ဆင်က သမီးဖြစ်သူနှင့် Pheu Thai ပါတီခေါင်းဆောင် ပတ်သွန်တန် ရှင်နာဝပ်ထရာနှင့် သူမ၏ခင်ပွန်း Pitaka Suksawat နှင့် ၎င်းတို့၏ သမီး Thitarn တို့နှင့်အတူ ချင်းမိုင်ခရီးစဥ် ထွက်ခွာလာခဲ့သည်။

 သက်ဆင်၏ လေယာဥ်မှာ Wing 41 လေတပ်အခြေစိုက်စခန်းကို ၂၀၂၄ ခုနှစ် မတ်လ (၁၄) ရက်နေ့ ဒေသစံတော်ချိန် နံနက် (၉) နာရီ (၂၈) မိနစ်တွင် ဆိုက်ရောက်လာခဲ့သည်။

ယခုခရီးစဥ်မှာ သက်ဆင်အတွက် ၎င်း၏ မွေးရပ်ဇာတိမြို့ကို (၁၇) နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်ရောက်လာသည့် ခရီးစဥ်ဖြစ်ကြောင်း သိရသည်။ 

ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ချင်းမိုင်ခရီးစဥ်မှာ အာဏာပိုင် VIP တစ်ဦး ကွင်းဆင်းစစ်ဆေးသည့် ခရီးစဥ်ပုံစံပေါက်နေသည်ဟုလည်း ဆိုသည်။ 

သက်ဆိုင်ရာ ဝန်ကြီးများနှင့် အစိုးရဝန်ထမ်းများက ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ချင်းမိုင်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အများပြည်သူဆိုင်ရာ စီမံကိန်းမျိုးစုံနှင့် ပတ်သက်၍ နောက်ဆုံး အခြေအနေများ ရှင်းပြခဲ့ကြသည်။

သက်ဆင်၏ ခရီးစဥ်ကို လုံခြုံရေးကိစ္စ ကြီးကြပ်ဆောင်ရွက်ရန် ထိုင်းဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး Surachate Hakparn ကလည်း လိုက်ပါလာသည်ဟု ဆိုသည်။

 ချင်းမိုင်ခရီးစဥ်အတွင်း အသက် (၇၄) နှစ်အရွယ် သက်ဆင်က ၎င်းကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည့် ပြည်သူများနှင့်လည်း တရင်းတနှီး တွေ့ဆုံချိန်ရခဲ့သည်။

#TachileikNewsAgency

Source: Bangkok Post, Reuters

Photo:  ฐานเศรษฐกิจ